
နေပြည်တော်၊ မတ် ၃၀
ပြည်ထောင်စုရှေ့နေချုပ် ဥက္ကဌအဖြစ်ပါဝင်သော ဥပဒေဘာသာပြန်ကော်မရှင်၏ ပထမအကြိမ် အစည်းအဝေးကို ယနေ့နံနက် ၁၀:၀၀နာရီအချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ဥပဒေဘာသာပြန်ကော်မရှင်ဥပဒေအရ ပညာရှင် အဖွဲ့ဝင် ၁၅ ဦး ပါဝင်သည့် ဥပဒေဘာသာပြန်ကော်မရှင်ကို နိုင်ငံတော်သမ္မတရုံးက ၁၆-၃-၂၀၁၇ ရက်နေ့တွင် ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ ကော်မရှင်အနေဖြင့် အင်္ဂလိပ်ဘာသာဖြင့် ပြဌာန်းထားသည့် တည်ဆဲဥပဒေများကို မြန်မာဘာသာသို့ ပြန်ဆိုရမည် ဖြစ်ပါကြောင်း၊သို့မှသာ ဥပဒေကို လွယ်ကူစွာ လေ့လာသိရှိနိုင်ကြမည် ဖြစ်ပြီး ဥပဒေအသိပညာ ပြန့်ပွားရေး အတွက်လည်း များစွာ အထောက်အကူဖြစ်စေပါကြောင်း၊ ကော်မရှင်က ဘာသာပြန်ဆို ထုတ်ပြန်ကြေညာချက်သည် မူလစာမူနှင့်အလားတူ အသုံးပြုနိုင်မည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားပြီးနောက် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ ချမှတ်ခြင်း၊ လုပ်ငန်းအဖွဲ့များ၊ လုပ်ငန်းကော်မတီနှင့် ရုံးလုပ်ငန်းအဖွဲ့တို့ကို ဖွဲ့စည်းခြင်း၊ လိုအပ်သောဝန်ထမ်းများ ခန့်ထားခြင်းနှင့် ဘဏ္ဍာရေးဆိုင်ရာကိစ္စများနှင့် စပ်လျဉ်း၍ ကော်မရှင်အဖွဲ့ဝင်များက ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးသို့ ဥပဒေဘာသာပြန်ကော်မရှင်အဖွဲ့ဝင်များနှင့် အခြားဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။
(သတင်းစဉ်)
