နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းအမှတ်စဉ် (၃) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

နေပြည်တော် ဩဂုတ် ၂၁


နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက်ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ် (၃) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန၊ မြေညီထပ် အစည်းအဝေးခမ်းမ၌ကျင်းပသည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ယခုသင်တန်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန် ချက်နှင့်အညီ ဥပဒေအသိပညာပြန့်ပွားရေးလုပ်ငန်းများဆောင်ရွက်ရန်နှင့် နိုင်ငံ့ဝန်ထမ်းအကြီး အမှူးများအား ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းတက်ရောက်ပြီးစီးကြောင်း အသိအမှတ်ပြု လက်မှတ်(Certificate of Legal Advocacy-CLA) ပေးအပ်နိုင်စေရန် ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊
သင်တန်းတွင်ဝန်ကြီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် အဆင့်ရှိဝန်ထမ်းအကြီးအမှူးများ၊ ဥပဒေအကြံပေးပုဂ္ဂိုလ်များ၊ ကျွမ်းကျင်ပညာရှင်များ စုစုပေါင်း (၃၇) ဦးတက်ရောက်ခဲ့ကြပါကြောင်း၊ သင်တန်းပြီးမြောက်အောင် တက်ရောက်ခဲ့သည့် သင်တန်းသား များကို ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းဆင်းလက်မှတ်များ (CLA) ပေးအပ်မည်ဖြစ်ပါကြောင်း၊
သင်တန်းတွင် ဥပဒေရေးရာဝန်ကြီးဌာနမှ ဦးစီးဌာနများ၏အကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာဘာသာရပ်၊ အပြည်ပြည်ဆိုင်ရာနှင့်အာဆီယံဥပဒေဘာသာရပ်၊ စီးပွားရေးစာချုပ် စာတမ်းများစိစစ်ခြင်းဘာသာရပ်၊ ဥပဒေမူကြမ်းစိစစ်ရေးဆွဲခြင်းဘာသာရပ်၊ အထွေထွေဥပဒေ အကြံပေးရေးဘာသာရပ်၊ ပြစ်မှုဆိုင်ရာနှင့်အထူးဥပဒေများလက်တွေ့အသုံးချမှုဘာသာရပ်နှင့် တရားမဆိုင်ရာဘာသာရပ်များကို သင်ကြားပို့ချပေးခဲ့ပြီး သင်ကြားပို့ချခဲ့သည့်ဘာသာရပ်များသည် သင်တန်းသားများအတွက် လက်တွေ့အသုံးဝင်သည့်ဘာသာရပ်များဖြစ်ပါကြောင်း၊ ပို့ချပေးသည့် ဆရာများသည်လည်း နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး၊ အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်မှအဖွဲ့ဝင်နှင့် ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့မှ ဘာသာ ရပ်ဆိုင်ရာကျွမ်းကျင်သည့်ပုဂ္ဂိုလ်များ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှ ဥပဒေချုပ်များ၊ ဥပဒေရေးရာဝန်ကြီးဌာနမှ အငြိမ်းစားယူပြီးသည့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်ကြီးများ၊ ဥပဒေရေးရာ ဝန်ကြီးဌာနမှ ဥပဒေရေးရာကိစ္စရပ်များတွင် လက်တွေ့ဆောင်ရွက်နေကြသည့် ဘာသာ ရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များဖြစ်ပါကြောင်း၊
သင်တန်းသားများ၏ သင်တန်းအပေါ်ထင်မြင် အကြံပြုချက်များအရ ယခုသင်တန်းသည် သင်တန်းသားများအတွက် ဥပဒေအသိပညာများစွာရရှိကြောင်းနှင့် အကျိုးရှိကြောင်းသိရှိရ၍ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ယခုသင်တန်း၏အခြေအနေ၊ အချက်အလက်များကိုလည်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌထံသို့ အစီရင်ခံစာပေးပို့တင်ပြသွားမည်ဖြစ်ပြီး ဥပဒေရေးရာဝန်ကြီး ဌာနတွင်လည်း မှတ်တမ်းများထိန်းသိမ်းထားရှိမည်ဖြစ်ပါကြောင်း၊ သင်တန်းတက်ရောက်ခဲ့ကြသည့် သင်တန်းသားများသည် ဤသင်တန်းမှ သင်ကြားပို့ချပေးသည့် ဥပဒေဘာသာရပ်များကို မိမိတို့၏လုပ်ငန်းခွင်တွင် လက်တွေ့ကျင့်သုံးဆောင်ရွက်ခြင်းဖြင့် ဝန်ကြီးဌာန၏လုပ်ငန်း တာဝန်များကို ပိုမိုထိရောက်ကောင်းမွန်စွာ ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
သင်တန်းဆင်းပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်၊ ဒုတိယ ဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဌနှင့် အဖွဲ့ဝင်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်များ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်၊ သင်တန်းဆရာများ၊ တာဝန်ရှိသူများနှင့် သင်တန်းသားသင်တန်းသူများအဖြစ် ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ တပ်ဖွဲ့မှူးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ အင်ဂျင်နီယာချုပ်များ၊ အထွေထွေမန်နေဂျာများ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်