နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းအမှတ်စဉ် (၄) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

နေပြည်တော် ဧပြီ ၁၁

နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက်ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ် (၄) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန၊ မြေညီထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ယခုသင်တန်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန် ချက်နှင့်အညီ ဥပဒေအသိပညာပြန့်ပွားရေးလုပ်ငန်းများဆောင်ရွက်ရန်နှင့် နိုင်ငံ့ဝန်ထမ်းအကြီး အမှူးများအား ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းတက်ရောက်ပြီးစီးကြောင်း အသိအမှတ်ပြု လက်မှတ်(Certificate of Legal Advocacy-CLA) ပေးအပ်နိုင်စေရန် ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ ယခုသင်တန်းအပါအဝင် နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက်ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းအောင်မြင်ပြီးဆုံးအောင် တက်ရောက်ခဲ့သည့် သင်တန်းသား စုစုပေါင်း (၁၂၄) ဦး အထိ ရှိပြီဖြစ်ပါကြောင်း၊

သင်တန်းတွင် ဥပဒေရေးရာဝန်ကြီးဌာနမှ ဦးစီးဌာနများ၏အကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာဘာသာရပ်၊ အပြည်ပြည်ဆိုင်ရာနှင့်အာဆီယံဥပဒေဘာသာရပ်၊ စီးပွားရေးစာချုပ် စာတမ်းများစိစစ်ခြင်းဘာသာရပ်၊ ဥပဒေမူကြမ်းစိစစ်ရေးဆွဲခြင်းဘာသာရပ်၊ အထွေထွေဥပဒေ အကြံပေးရေးဘာသာရပ်၊ ပြစ်မှုဆိုင်ရာနှင့်အထူးဥပဒေများလက်တွေ့အသုံးချမှုဘာသာရပ်နှင့် တရားမဆိုင်ရာဘာသာရပ်များကို သင်ကြားပို့ချပေးခဲ့ပြီး သင်ကြားပို့ချခဲ့သည့်ဘာသာရပ်များသည် သင်တန်းသားများအတွက် လက်တွေ့အသုံးဝင်သည့်ဘာသာရပ်များဖြစ်ပါကြောင်း၊

ပို့ချပေးသည့် ဆရာများသည်လည်း ဥပဒေရေးရာနယ်ပယ်တွင် အတွေ့အကြုံအကြား အမြင်ပြည့်ဝသူများဖြစ်ကြသည့်အပြင် သက်ဆိုင်ရာဘာသာရပ်များတွင်လည်း ကျွမ်းကျင် ပိုင်နိုင်ကြသည့် ဆရာများဖြစ်ပါကြောင်း၊ ပို့ချသည့်ဆရာများမှာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်၊ ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဌရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်များဖြစ်ကြသည့် ဦးခင်မောင်ဦးနှင့် ဦးကျော်ဆန်း၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး ဦးတင်ဟုန်၊ အဂတိလိုက်စားမှုတိုက်ဖျက် ရေး ကော်မရှင်ဥက္ကဌဦးစစ်အေးနှင့်အဖွဲ့ဝင်ဦးအောင်မြင့်လွင်၊ ပြည်ထောင်စုရာထူးဝန် အဖွဲ့ အဖွဲ့ဝင်ဦးဆန်းမြင့်၊ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့မှဒုတိယရဲမှူးကြီး မြင့်စိုး၊ ဥပဒေရေးရာဝန်ကြီးဌာနမှ အငြိမ်းစားယူပြီးသည့် ဥပဒေရေးဆွဲရေးဘာသာရပ် ဆိုင်ရာ ကျွမ်းကျင်ပညာရှင်ဦးကျော်စိန်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသ ကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့မှ ဥပဒေချုပ်များ၊ ဥပဒေရေးရာ ဝန်ကြီးဌာနမှ ဥပဒေရေးရာကိစ္စရပ်များတွင် လက်တွေ့ဆောင်ရွက်နေကြသည့် ဘာသာရပ် ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များဖြစ်ပါကြောင်း၊

ယခုသင်တန်းသည် သင်တန်းသားများအတွက် ဥပဒေအသိပညာများစွာရရှိကြောင်းနှင့် အကျိုးရှိကြောင်းသိရှိရ၍ ဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ယခုသင်တန်း၏အခြေအနေ၊ အချက် အလက်များကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌထံသို့ အစီရင်ခံတင်ပြသွားမည် ဖြစ်ပြီး ဥပဒေရေးရာဝန်ကြီးဌာနတွင်လည်း မှတ်တမ်းများထိန်းသိမ်းထားရှိမည်ဖြစ်ပါကြောင်း၊ သင်တန်းတက်ရောက်ခဲ့ကြသည့် သင်တန်းသားများသည် ဤသင်တန်းမှ သင်ကြားပို့ချပေးသည့် ဥပဒေဘာသာရပ်များကို မိမိတို့၏လုပ်ငန်းခွင်တွင် လက်တွေ့ကျင့်သုံးဆောင်ရွက်ခြင်းဖြင့် မိမိဝန်ကြီးဌာနအကျိုး၊ နိုင်ငံတော်အကျိုးအတွက် ဆောင်ရွက်နိုင်ကြပါစေကြောင်းပြော ကြားသည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် သင်တန်းပြီးမြောက်အောင်မြင်စွာတက်ရောက်ခဲ့ကြသည့် သင်တန်းသား (၂၆) ဦးကို ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းဆင်းလက်မှတ်ပေးအပ်ခဲ့ပြီး အခမ်း အနားသို့ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်၊ ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်များဖြစ်ကြသည့် ဦးခင်မောင်ဦးနှင့် ဦးကျော်ဆန်း၊ သင်တန်းဆရာများ၊ တာဝန်ရှိသူများနှင့် သင်တန်းသားသင်တန်းသူများဖြစ်ကြ သည့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယပါမောက္ခချုပ်နှင့် ကျွမ်းကျင်သူအဖြစ်ဆောင်ရွက်နေသူများ တက်ရောက်ကြကြောင်း သိရသည်။

သတင်းစဉ်