ပစ္စည်းများပြန်လည်ရယူခြင်းနှင့် အခြားသောငွေကြေးဆိုင်ရာ စာရွက်စာတမ်းများမှ တစ်ဆင့် တရားမ၀င်သော ငွေရေးကြေးရေးဆိုင်ရာ စီးဆင်းမှုများ တားဆီးခြင်းအတွက် ပြည်တွင်းပြည်ပ ဥပဒေပညာရှင်များ အတွေ့အကြုံဖလှယ်ခြင်းနှင့် အသိပညာဖြန့်ဝေခြင်း ဆွေးနွေးပွဲကျင်းပပြုလုပ်

နေပြည်တော်၊ ဧပြီ ၅

ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ဆွစ်ဇာလန်နိုင်ငံ သံရုံးတို့ကြား ပူးပေါင်းကျင်းပ ပြုလုပ်သည့် ဥပဒေ အတွေ့အကြုံဖလှယ်ခြင်းနှင့် ဥပဒေအသိပညာဖြန့်ဝေခြင်း ဆွေးနွေးပွဲအား ယနေ့ နံနက် ၉ နာရီအချိန် နေပြည်တော် ဟိုတယ်ဇုန်ရှိ Horizon Lake View Resort  အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ပါသည်။

ဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံအမတ် H.E. Mr.PaulSeger က ယခုဆွေးနွေးပွဲသည်မြန်မာနိုင်ငံ၏ ဒီမိုကရေစီနိုင်ငံတော်အဖြစ် ပြုပြင်ပြောင်းလဲရာတွင် အဟန့်အတားဖြစ်စေသော အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်အနာဂတ်တွင် နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတက်မှုကို ထိခိုက်စေသော တရားမ၀င်နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများနှင့် ချမ်းသာကြွယ်ဝလာမှုကို ကာကွယ်တားဆီးတိုက်ဖျက်ရန် အတွက် ပြုလုပ်ပေးရခြင်း ဖြစ်ပါကြောင်း ပြောကြားပါသည်။

ဆက်လက်၍ ပြည်ထောင်စုရှေ့နေချုပ်ရုံး ဥပဒေအကြံဉာဏ်ပေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာဦးက အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် တရားမဝင်သော နည်းလမ်းဖြင့်ရရှိသော ငွေရေးကြေးရေးနှင့်ပစ္စည်းများကို ပြန်လည်ရယူခြင်းနှင့် တားဆီးခြင်းဆိုင်ရာ အပြည်ပြည်ဆိုင်ရာဥပဒေပြဌာန်းချက်များ အတွေ့အကြုံများရယူ၍ နိုင်ငံတော်၏ ရှေ့ဆက်သွားမည့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် အဂတိလိုက်စားမှုဖြင့် ကြွယ်ဝချမ်းသာလာမှုနှင့် တရားမဝင် ငွေကြေးစီးဆင်းမှုတို့ကို ဥပဒေနှင့်အညီ တားဆီးကာကွယ် တိုက်ဖျက်နိုင်မည်ဖြစ်ပါကြောင်း၊ အဆိုပါကိစ္စရပ်များနှင့် စပ်လျဉ်း၍ ယခုဆွေးနွေးပွဲမှ အတွေ့အကြုံများဖြင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် အတူလက်တွဲဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း ပြောကြားပါသည်။

အစီအစဉ်အတိုင်း ဆွေးနွေးပွဲကို ဆက်လက်ကျင်းပပြုလုပ်ရာ သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှ တာ၀န်ရှိပုဂ္ဂိုလ်များက မြန်မာနိုင်ငံ၏ လက်ရှိတည်ဆဲ ဥပဒေပြဌာန်းချက်များ လက်တွေ့ကျင့်သုံးဆောင်ရွက်နေမှုများ လိုအပ်ချက်များ စိန်ခေါ်မှုအား ဆွေးနွေးပြောကြားပြီးနောက် World Bank၊ UNODC အဖွဲ့အစည်းများမှ ဥပဒေပညာရှင်များနှင့် ဆွစ်ဇာလန် သံအမတ်ကြီး Mr.Paul တို့က ဥပဒေအတွေ့အကြုံများကို ရှင်းလင်းဆွေးနွေးကြပါသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ဆွစ်ဇာလန်နိုင်ငံသံအမတ်ကြီး၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများမှ ဥပဒေပညာရှင်များနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများမှ အကြီးအကဲများနှင့် အရာထမ်းစုစုပေါင်း ၆၀ ဦးတို့ တက်ရောက်ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲကို ယနေ့ ညနေပိုင်းအထိ ဆက်လက်ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)