

နေပြည်တော်၊ စက်တင်ဘာ ၇
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် Forum of Federations မှဒုတိယဥက္ကဋ္ဌဖြစ်သူ Mr. Felix Knuepling ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အားယနေ့နံနက် ၁၀:၀၀ နာရီအချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ် ဖွံ့ဖြိုးရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေး၊ ဖက်ဒရယ်စနစ် ဖြစ်ထွန်းလာရေးတို့အတွက် ကနေဒါနိုင်ငံအစိုးရ၏ အထောက်အပံ့ဖြင့် Forum of Federations မှ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ဖက်ဒရယ်စနစ်၏ အခြေခံများနှင့် ကျင့်သုံးဆောင်ရွက်မှုများကို လွှတ်တော်၊ အစိုးရ၊ နိုင်ငံရေးပါတီများနှင့် အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် ဆွေးနွေးပွဲများ ကျင်းပနိုင်ရေးကိစ္စ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ပူးပေါင်း၍ ဖက်ဒရယ် စနစ်၏ အခြေခံမူများနှင့်အညီ ဥပဒေရေးဆွဲခြင်းဆိုင်ရာ သင်တန်းများ ကျင်းပနိုင်ရေးကိစ္စ၊ Forum of Federations အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ လုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်နိုင်မည့် အခန်းကဏ္ဍများစသည်တို့ကို ရင်းနှီးစွာ ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်နှင့် အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်တို့ တက်ရောက်ခဲ့ပါသည်။
(သတင်းစဉ်)
