ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေအရာရှိများ၊ ခရိုင်ဥပဒေအရာရှိများ၏ သတ္ထမအကြိမ် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကျင်းပ

နေပြည်တော်၊ နိုဝင်ဘာလ ၂၇

          ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေအရာရှိများ၊ ခရိုင်ဥပဒေအရာရှိများ၏ သတ္ထမအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၀၉:၀၀ နာရီအချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး မြေညီထပ် အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်ထောင်စုရှေ့နေချုပ်က အဖွင့်အမှာစကား ပြောကြားရာ၌ ဥပဒေအရာရှိများအနေဖြင့် အမှုစစ်ဆေးရာတွင် လုပ်ငန်းကျွမ်းကျင်မှုရှိရန် လိုအပ်ပါကြောင်း၊ ပြစ်မှုကျူးလွန်သည့်အချိန်တွင် မည်သည့်ဥပဒေဖြင့် အကျုံးဝင်ကြောင်းကို သိရှိရမည်ဖြစ်ပြီး  တည်ဆဲဥပဒေ၊ ပြင်ဆင်သည့်ဥပဒေ၊ ဖျက်သိမ်းသည့်ဥပဒေ၊ အသစ်ပြဌာန်း သည့်ဥပဒေများကို မျက်ခြေမပြတ် သိရှိရန် လိုအပ်ပါကြောင်း၊ ဥပဒေအကြံဉာဏ်ပေးရာတွင် ဥပဒေပြဌာန်းချက်နှင့်အညီ ဖြစ်စေရေးနှင့် မှားယွင်းစွာ အကြံပေးခြင်း မရှိစေရေးတို့ကို ဂရုပြု ဆောင်ရွက်စေလိုပါကြောင်း၊ အယူခံမှုနှင့် ပြင်ဆင်မှုများတင်သွင်းရာတွင် ကာလ စည်းကမ်းသတ် မကျော်လွန်စေရေးနှင့် တရားရုံးစီရင်ချက် မိတ္တူမှန်များအား အချိန်မီရရှိစေရေးတို့ကို ဂရုပြု ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ လျှောက်လဲချက်များ တင်ပြရာတွင် ပြည်ထောင်စုရှေ့နေချုပ် ဥပဒေ၊ နည်းဥပဒေ၊ အမှုလိုက်ဆိုင်ရာ ညွှန်ကြားလွှာများ၊ စီမံခန့်ခွဲရေးဆိုင်ရာ ညွှန်ကြားလွှာ များနှင့်အညီ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် ဥပဒေချုပ်ရုံးများသည် ဆောက်လုပ်ရေးစာချုပ်များ၊ လုပ်ငန်းအပ်နှံခြင်း သဘောတူစာချုပ်များနှင့် ပစ္စည်းဝယ်ယူရေးစာချုပ်များကို စိစစ်အကြံပြုရာတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ဥပဒေအကြံဉာဏ်ပေးခြင်းဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံပိုင်မြေ၊ အဆောက်အအုံများ ငှားရမ်းခြင်း၊ လွှဲပြောင်းခြင်းနှင့် အကျိုးတူလုပ်ကိုင်ခြင်းများ အတွက် မြေနှင့်အဆောက်အအုံ၊ သတင်းအချက်အလက်ဘဏ် (Land and Property Bank) ဆိုင်ရာ  နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုပါကြောင်း၊ မြေသိမ်း ဆည်းခဲ့သည့် ကိစ္စရပ်များအပေါ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေးဗဟိုကော်မတီမှ ထုတ်ပြန်ထားသည့် မူဝါဒများနှင့်အညီ စိစစ်ရန် ဖြစ်ပါကြောင်း၊ ၁၉၆၃ ခုနှစ်၊ လုပ်ငန်းများ ပြည်သူပိုင်ပြုလုပ်ခြင်းဥပဒေအရ သိမ်းဆည်းခဲ့သည်များကို ပြန်လည်လျှောက်ထားလာသည့် ကိစ္စများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ထုတ်ပြန်ထားသည့် မူဝါဒများနှင့်အညီ စိစစ်ရမည်ဖြစ်ပါကြောင်းနှင့် ဥပဒေအရာရှိများအနေဖြင့် ဥပဒေအရာရှိကျင့်ဝတ်ကို လေးစားလိုက်နာပြီး အရည်အသွေးပြည့်ဝသော ဥပဒေအရာရှိများဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

          အဆိုပါလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ ဒုတိယရှေ့နေချုပ်၊ တိုင်းဒေသကြီး/ပြည်နယ် ဥပဒေချုပ်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊  တိုင်းဒေသကြီး/ပြည်နယ်ဥပဒေအရာရှိများနှင့် ခရိုင်ဥပဒေအရာရှိများ တက်ရောက်ခဲ့ပါသည်။  ယင်းဆွေးနွေးပွဲအား ၂၈-၁၁-၂၀၁၉ ရက်နေ့အထိ ၂ ရက်ကြာ ကျင်းပ သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

                                                                                                          (သတင်းစဉ်)