နေပြည်တော်၊ နိုဝင်ဘာလ ၂၈

ဥပဒေမူကြမ်း ရေးဆွဲရေးလမ်းညွှန်စာအုပ် မိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၀၉:၀၀ နာရီအချိန်တွင် နေပြည်တော်၊ Kempinski Hotel ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦးက အမှာစကားပြောကြားခဲ့ပါသည်။
အခမ်းအနားတွင် ပြည်ထောင်စုရှေ့နေချုပ်က အမှာစကားပြောကြား၌ နိုင်ငံတော်၏ အချုပ်အခြာအာဏာများဖြစ်သော ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေး အာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားကျင့်သုံး၍ အပြန်အလှန် ထိန်းကျောင်းခြင်းပြုပါကြောင်း၊ အဆိုပါဥပဒေပြုရေးအခန်းကဏ္ဍ၌ ပြည်ထောင်စုရှေ့နေချုပ်ရုံးသည် ၁၉၈၈ ခုနှစ်နှင့် ၂၀၀၁ ခုနှစ်များ ရှေ့နေချုပ်ဥပဒေများအရ ဥပဒေများစိစစ်ခြင်း၊ ရေးဆွဲခြင်းတာဝန်ရှိခဲ့ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်လာပြီးနောက် ဥပဒေမူကြမ်းများ ရေးဆွဲတင်သွင်းခြင်းမှာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများတွင်လည်းကောင်း၊ လွှတ်တော်ကိုယ်စားလှယ်များတွင် လည်းကောင်း တာဝန်ရှိလာပါကြောင်း၊ ထို့အတူ ၂၀၁၀ ပြည့်နှစ်တွင် ပြဌာန်းသည့် ပြည်ထောင်စု ရှေ့နေချုပ်ဥပဒေတွင်လည်း ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများမှ ပေးပို့လာသော ဥပဒေ မူကြမ်းများအပေါ် ဥပဒေအကြံဉာဏ်ပေးခြင်း တာဝန်ကိုသာ ထည့်သွင်းပြဌာန်းခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ အစိုးရဌာနအဖွဲ့အစည်းများက ဥပဒေမူကြမ်းများကို ကနဦး စတင်ရေးဆွဲပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးက မူကြမ်းများအပေါ် စိစစ်အကြံပြုလျက်ရှိပါကြောင်း၊ ထိုကြောင့် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများက မူကြမ်းရေးဆွဲရာတွင်လည်းကောင်း၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ အရာရှိများက စိစစ်အကြံပြုနိုင်ရန်အတွက်လည်းကောင်း၊ လွှတ်တော် ကိုယ်စားလှယ်များအတွက်လည်းကောင်း ရည်ရွယ်ပြီး ဥပဒေမူကြမ်းရေးဆွဲရေး လမ်းညွှန် စာအုပ်ထုတ်ဝေနိုင်ရေးကို UNDP ၏ ပံ့ပိုးကူညီမှုဖြင့် ၂၀၁၆ ခုနှစ်မှစတင် ဆောင်ရွက်ခဲ့ပါ ကြောင်း၊ ယနေ့မိတ်ဆက်ဖြန့်ဝေမည့် လမ်းညွှန်စာအုပ်သည် ဥပဒေရေးထုံး ရေးနည်းများ၊ တစ်ဆင့်ခံ ဥပဒေရေးထုံးရေးနည်းများကို ဥပမာ၊ သာဓကများဖြင့် အသေးစိတ် ဖော်ပြထားသည့် စာအုပ်ဖြစ်၍ ဥပဒေပြုရေး တာဝန်ယူထားသည့် လွှတ်တော်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့များအတွက်လည်းကောင်း၊ အစိုးရဌာန အဖွဲ့အစည်းများအတွက်လည်းကောင်း၊ ဥပဒေအရာရှိများအတွက်လည်းကောင်း၊ ဥပဒေရေးဆွဲ ခြင်းပညာကို လေ့လာနေသူများအတွက်လည်းကောင်း အထောက်အကူပြုမည် ဖြစ်ပါကြောင်း နှင့် အဆိုပါလမ်းညွှန်စာအုပ်သည် နိုင်ငံတော်အကျိုးစီးပွားကိုကာကွယ်စောင့် ရှောက်နိုင်သည့် ဥပဒေကောင်းများ ဖြစ်ပေါ်လာစေရေးအတွက် အထောက်အပံ့တစ်ရပ် ဖြစ်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ယင်းစာအုပ်များကို ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော် ဥပဒေကြမ်းကော်မတီများ၊ ပြည်ထောင်စု အဆင့် ဝန်ကြီးဌာနများ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်းရှိ ဥပဒေရုံးများနှင့် ဦးစီးအရာရှိနှင့်အထက် ဥပဒေအရာရှိများအား ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါအခမ်းအနားသို့ ဒုတိယရှေ့နေချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဥပဒေချုပ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရဌာနအဖွဲ့အစည်းများမှ အရာရှိကြီးများ၊ တိုင်းဒေသကြီး နှင့် ပြည်နယ် ဥပဒေအရာရှိများ၊ ခရိုင်ဥပဒေအရာရှိများ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ဌာနေကိုယ်စားလှယ်နှင့် အကြံပေးပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။
(သတင်းစဉ်)
