ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ မဟာဗျူဟာစီမံကိန်း (၂၀၂၀-၂၀၂၄ ) မိတ်ဆက်ခြင်း အခမ်းအနား ကျင်းပပြုလုပ်

နေပြည်တော်၊ ဇန်နဝါရီ ၂၁

ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ မဟာဗျူဟာစီမံကိန်း (၂၀၂၀-၂၀၂၄) မိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့နံနက် ၀၈:၃၀ နာရီအချိန်တွင် Park Royal Hotel ၊ နေပြည်တော်၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက အမှာစကားပြောကြားခဲ့ပါသည်။

အဆိုပါအခမ်းအနား၌ အမှာစကားပြောကြားရာတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ပထမအကြိမ်  “တရားဥပဒေစိုးမိုးရေးဆီသို့” မဟာဗျူဟာစီမံကိန်း (၂၀၁၅-၂၀၁၉) ကို UNDP ၏ ပံ့ပိုးကူညီမှုဖြင့် ရေးဆွဲခဲ့ပြီး ၂၀၁၅ ခုနှစ်မှ စတင်၍ ရည်မှန်းချက် ပန်းတိုင် ၄ ရပ်ဖြင့် အကောင်အထည် ဖော်ခဲ့ပါကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ယင်းစီမံကိန်းပြီးဆုံးဖြစ်၍ ဒုတိယအကြိမ် “တရားမျှတရေး အတွက် ဥပဒေဝန်ဆောင်မှု” မဟာဗျူဟာစီမံကိန်း (၂၀၂၀-၂၀၂၄) ကို  USAID (PRLM-Promoting Rule of Law in Myanmar) ၏ ပံ့ပိုးကူညီမှုဖြင့် ရေးဆွဲခဲ့ခြင်းဖြစ်ပါကြောင်း၊ ပထမ ၅ နှစ် မဟာဗျူဟာစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုများအပေါ် လေ့လာသုံးသပ်ခြင်းနှင့် သုတေသနပြုလုပ်ခြင်းများမှ ရရှိလာသော အားနည်းချက်၊ အားသာချက်၊ အကြံပြုချက်များနှင့် အတွေ့အကြုံများကို အခြေခံ၍ ယခု ဒုတိယ ၅ နှစ် စီမံကိန်းအား ရေးဆွဲခဲ့ခြင်းဖြစ်ပါကြောင်း၊ ယင်းမဟာဗျူဟာစီမံကိန်းတွင် ပန်းတိုင် ၅ ရပ်၊ မဟာဗျူဟာရည်မှန်းချက် ၁၅ ရပ်နှင့် မဟာဗျူဟာအစီအစဉ် ၄၀ တို့ကို ထည့်သွင်းရေးဆွဲထား ပါကြောင်း၊ စီမံကိန်းရေးဆွဲရေး လုပ်ငန်းစဉ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဥပဒေချုပ်ရုံးများ၊ လွှတ်တော်၊ အရပ်ဘက်လူမှု အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများ၊ ဥပဒေပညာဌာနမှ ပါမောက္ခများနှင့် တရားမျှတမှုကဏ္ဍတွင် ပါဝင်ဆောင်ရွက်လျက်ရှိကြသည့် အခြားဆက်စပ် အဖွဲ့အစည်းများကို ဖိတ်ခေါ်ပြီး ဆွေးနွေးညှိနှိုင်းပွဲများ ပြုလုပ်ခဲ့ပါကြောင်း၊ အဆိုပါဆွေးနွေး ညှိနှိုင်းပွဲများမှ ရရှိလာသော အကြံပြုချက်၊ ဖြည့်စွက်ချက်များကို ထည့်သွင်း စဉ်းစားရေးဆွဲခဲ့ပါကြောင်း၊ မဟာဗျူဟာစီမံကိန်းကို ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ဥပဒေရုံး အဆင့်ဆင့်အတွက်သာမက အများပြည်သူကို ကောင်းမွန်တဲ့ ဥပဒေဝန်ဆောင်မှုမျာ ပေးနိုင်ရန်၊ တရားမျှတမှုကို အားလုံးလက်လှမ်းမီစေနိုင်ရန်နှင့် ဥပဒေရုံးအဆင့်ဆင့်ရဲ့ လုပ်ငန်းဆောင်ရွက်ချက် များအပေါ် အများက ယုံကြည်အားထားလာစေရန် ရည်မှန်းရေးဆွဲထားခြင်းဖြစ်ပါကြောင်း၊ စီမံကိန်းအောင်မြင်စေရန်အတွက် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ကဏ္ဍအသီးသီးမှ သက်ဆိုင်သူ အားလုံးနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မဟာဗျူဟာစီမံကိန်း ရေးဆွဲရာတွင် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသူများနှင့် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဆက်လက် ကူညီဆောင်ရွက်ပေးမည့်သူများကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ဒုတိယရှေ့နေချုပ်၊ ပြည်သူ့လွှတ်တော်ဥပဒေကြမ်း ကော်မတီ  ဥက္ကဌ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ခေတ္တ ဥက္ကဌ၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဥပဒေချုပ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တရားလွှတ်တော်ရှေ့နေများကောင်စီ ဒုတိယဥက္ကဌ၊ ပြည်ထောင်စု ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ အတွင်းရေးမှူး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် အပြည်ပြည်ဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများမှ  ကိုယ်စားလှယ်များနှင့် အခြားဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။

                                                                                                                                         (သတင်းစဉ်)