နေပြည်တော်၊ ဇန်နဝါရီ ၂၆ ရက်

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Ms. ဂျောင်ဟေခယောင်းနှင့် ဒုတိယဌာနေ ကိုယ်စားလှယ် Ms. ယူကီကို အီရီယာမာ တို့အား ယနေ့ မွန်းလွဲ ၁၄:၀၀ နာရီ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုရှေ့နေချုပ်က ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဆောင်ရွက်လျက် ရှိသည့်လုပ်ငန်းတာဝန်များ၊ မဟာဗျူဟာစီမံကိန်းများ၊ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှု ဆိုင်ရာလုပ်ငန်းများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့်စပ်လျဉ်း၍ ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ်များနှင့် အကောင်အထည်ဖော်မှုများ၊ လက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှု နောက်ဆက်တွဲ သဘောတူစာချုပ် လက်မှတ်ရေးထိုးမှုနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေပြဌာန်းမှု၊ ရခိုင်ပြည်နယ်ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်(ICOE)၏ အစီရင်ခံစာပါ အကြံပြုချက်များကို အကောင်အထည်ဖော် ဆောင်ရွက် နေမှုများ၊ ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် (UPR)နှင့်စပ်လျဉ်းသည့် တတိယအကြိမ် အစီရင်ခံစာတင်သွင်း ခြင်းနှင့် ယင်းအစီရင်ခံစာအပေါ် ၂၅-၁-၂၀၂၁ ရက်နေ့တွင် သုံးသပ်မှု ခံယူခဲ့ခြင်းနှင့်စပ်လျဉ်း သည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ပါသည်။
ထို့နောက် UNHCR ဌာနေကိုယ်စားလှယ် Ms. ဂျောင်ဟေခယောင်းက အခြားနိုင်ငံ များတွင် ရှေ့နေချုပ်ရုံးနှင့် UNHCR တို့ ပူးပေါင်းဆောင်ရွက်နေသည့် လုပ်ငန်းများ၊ မိမိတို့နှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့အကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ကလေးသူငယ်အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးနှင့်စပ်လျဉ်း၍ တိုးတက်ကောင်းမွန်သည့် ဥပဒေပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ၊ UNHCR အနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် ဥပဒေ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် ပွင့်လင်းမြင်သာစွာ ပူးပေါင်းဆောင်ရွက်လိုသည့် ကိစ္စရပ်များ ပြန်လည်ဆွေးနွေးခဲ့ပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာ သီတာဦးနှင့် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဆွေဆွေအောင်တို့ တက်ရောက်ခဲ့ကြပါသည်။
(သတင်းစဉ်)
