နေပြည်တော် ဖေဖော်ဝါရီ ၂၆


ယနေ့ နံနက် ၁ဝး၀၀ နာရီ အချိန်က ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ မြေညီထပ်အစည်းအဝေး ခန်းမတွင် ရုံးအုပ်နှင့် ဌာနခွဲစာရေးများ လုပ်ငန်းကျွမ်းကျင်မှု သင်တန်း အမှတ်စဉ် ၁/၂၀၂၁ သင်တန်းဆင်းပွဲ အခမ်းအနားသို့ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့သည်။
ထိုသို့ပြောကြားရာတွင် သင်တန်းကာလမှာ ၁၅ ရက် ဖြစ်ပြီး သင်တန်းပို့ချချိန် ၄၂ ချိန်တွင် စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးခဲ့ပြီးဖြစ်၍ အရည်အသွေးပြည့်ဝသော ဝန်ထမ်းကောင်းများ ဖြစ်လာမည်ဟု ယုံကြည်ပါကြောင်း၊ ဤသင်တန်းမှ တန်ဖိုးမဖြတ်နိုင်သော လုပ်ငန်း အတွေ့ အကြုံများနှင့် ဗဟုသုတများ ရရှိမည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့ ဘဝတစ်လျှောက်လုံး အသုံးချသွားနိုင်မည့် ပညာများဖြစ်ကြောင်း၊ မိမိတို့ လက်အောက်အမှုထမ်းများကို ရှေ့ဆောင် လမ်းပြ သွန်သင်ပြသပေးကြရန် လိုအပ်သည့်အပြင် မိမိအထက် အရာရှိများအပေါ် လေးစာခြင်း၊ အမိန့်နာခံခြင်းများ ရှိကြရန်လိုမည်ဖြစ်ပါကြောင်း စသဖြင့် မှာကြားခဲ့သည်။
ထို့နောက် သင်တန်းမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်စန္ဒာလွင်က သင်တန်းဆင်း အစီရင်ခံစာအား ဖတ်ကြားရှင်းလင်းတင်ပြကာ ပြည်ထောင်စုရှေ့နေချုပ်က သင်တန်းတွင် ဆုရရှိသူအသီးသီးအား ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်း ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုရှေ့နေချုပ်ရုံး ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် သင်တန်း ဆရာ/ဆရာမများ၊ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
