ပြည်ထောင်စုရှေ့နေချုပ်က ဥပဒေအရာရှိအဆင့်-၃ မွမ်းမံသင်တန်းအမှတ်စဉ် (၂၉) သင်တန်းဖွင့်ပွဲသို့ တက်ရောက်အမှာစကား ပြောကြားခြင်း၊ My Justice Team Leader ဖြစ်သူ Ms. Caitlin Reiger အား လက်ခံတွေ့ဆုံခြင်း

နေပြည်တော်၊ အောက်တိုဘာ၂၄

          ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ယနေ့နံနက် ၀၉:၃၀ နာရီအချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး သင်တန်းခန်းမ၌ ပြုလုပ်သည့် ဥပဒေအရာရှိအဆင့်-၃ မွမ်းမံသင်တန်းအမှတ်စဉ် (၂၉) သင်တန်းဖွင့်ပွဲသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

          ထိုသို့အမှာစကားပြောကြားရာတွင် ဥပဒေအရာရှိများအနေဖြင့် ပြည်ထောင်စု ရှေ့နေချုပ်ဥပဒေ၊ နည်းဥပဒေနှင့်အညီ လုပ်ငန်းစွမ်းဆောင်ရည် ပိုမိုမြင့်မားစွာဖြင့် တာဝန်များကို အောင်မြင်စွာထမ်းဆောင် နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်းတွင် အမှုလိုက်ဘာသာရပ်၊ စီမံရေးရာနှင့် ငွေစာရင်း ဘာသာရပ်၊ Legal English ဘာသာရပ်များအပြင် တရားစီရင်ရေးစနစ် တိုးတက်ကောင်းမွန်ရေးကို အထောက်အကူပြု စေမည့် International Criminal Justice Principles ၊ အမျိုးသမီး အခွင့် အရေးဆိုင်ရာ CEDAW Convention စသည့်အကြောင်းအရာများကို ထည့်သွင်းသင်ကြားပေးမည် ဖြစ်ကြောင်း၊ ပြင်ပဥပဒေပညာရှင်များ၊ JICA၊ UNDP စသော ပြည်ပအဖွဲ့အစည်းများမှ လာရောက်သင်ကြား ပို့ချပေးနိုင်ရန် နှင့် မှုခင်းတပ်ဖွဲ့၊ ဓာတုဗေဒဝန်ရုံး စသည်တို့သို့လည်း သွားရောက်လေ့လာနိုင်ရန် စီစဉ် ထားရှိကြောင်း၊ ဥပဒေအရာရှိများသည် ကိုယ်ကျင့်တရား ကောင်းရမည့်အပြင် အဂတိတရားလည်း ကင်းရှင်း ရန် လိုအပ်ကြောင်း၊ ဥပဒေအရာရှိ ကျင့်ဝတ်ကို လေးစားလိုက်နာ၍ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၏ ဂုဏ်ကို မြှင့်တင်ရမည် ဖြစ်ကြောင်း မှာကြားခဲ့ပါသည်။

          အဆိုပါမွမ်းမံသင်တန်းသို့ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ မြို့နယ်ဥပဒေအရာရှိနှင့် ဦးစီးအရာရှိ စုစုပေါင်း ၂၈ ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ၁ လ ကြာမြင့် မည်ဖြစ်ပါသည်။

         ဆက်လက်၍ ပြည်ထောင်စုရှေ့နေချုပ်သည် နံနက် ၁၀:၃၀ နာရီအချိန်တွင် MyJustice Team Leader ဖြစ်သူ Ms. Caitlin Reiger ဦးဆောင်သော အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ ထိုသို့ တွေ့ဆုံရာတွင် My Justice Team က ၄င်းတို့ပြုလုပ်ထားသည့် တရားမျှတမှုဆိုင်ရာ သုတေသန လုပ်ငန်းကို တင်ပြပြီးနောက် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုကဏ္ဍ တိုးတက်ကောင်းမွန် ရေးအတွက် အများပြည်သူအား ဥပဒေအသိပညာပေးခြင်းကို ပိုမိုဆောင်ရွက်နိုင်မည့်အစီအစဉ်များ၊ တရားမျှတမှုကို အားလုံးလက်လှမ်းမီနိုင်ရေးအတွက် ဥပဒေရေးရာအထောက်အကူများ ပိုမို ကျယ်ပြန့်စွာ ပံ့ပိုးဆောင်ရွက် ပေးရန်ကိစ္စများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အပါအဝင် တရားစီရင်ရေးကဏ္ဍကို အများပြည်သူ ယုံကြည် ကိုးစားမှုရှိစေရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှု ထိရောက် ကောင်းမွန်ရေးကိစ္စများကို ဆွေးနွေးခဲ့ကြပါသည်။

            အဆိုပါတွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြပါသည်။

(သတင်းစဉ်)