နေပြည်တော်၊ ဇွန် ၁၇

ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ဥပဒေရေးဆွဲခြင်းနှင့် ဥပဒေ(မူကြမ်း) စိစစ်အကြံပြုခြင်း ဆိုင်ရာ သင်တန်းအမှတ်စဉ်၊ ၁/၂၀၂၁ ဆင်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁၃း ၃၀ နာရီ အချိန်က ကျင်းပပြုလုပ်ရာ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။
ထိုသို့အဖွင့် အမှာစကားပြောကြားရာတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးသည် မိမိရုံး၏ မဟာဗျူဟာစီမံကိန်း (၂၀၂၀-၂၀၂၄)တွင် စီမံကိန်း ရည်မှန်းချက်များ ချမှတ်ပြီး ဥပဒေအရာရှိများ အရည်အသွေးမြင့်မားစေရန်နှင့် မိမိရုံးနှင့်ပေါင်းစပ် ဆောင်ရွက်လျက်ရှိသော ဥပဒေရေးရာလုပ်ငန်း များတွင် ထိရောက်စွာ ဥပဒေအကြံဉာဏ်ပေးနိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်သည့် အနေဖြင့် အရည်အသွေးပြည့်မီသော ဥပဒေပညာရှင်များ မွေးထုတ်ပေးရန် အစဉ်တစိုက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ ဒီလိုဆောင်ရွက်ရာ၌ ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိ သက်ဆိုင်ရာ ဦးစီးဌာနများအလိုက် အစီအစဉ်များချမှတ်ပြီး ဆောင်ရွက်လျက်ရှိရာ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဥပဒေများစိစစ်အကြံပြုရေး ဦးစီးဌာနက ဖွင့်လှစ်သည့် ယခုသင်တန်းသည်လည်း တစ်ခုအပါအဝင် ဖြစ်ကြောင်း၊ ဤသင်တန်းကို အောင်မြင်စွာ ဖွင့်လှစ်ပို့ချပေးနိုင်ခဲ့သည့်အတွက် ပြည်ထောင်စု ရှေ့နေချုပ်ရုံးအနေဖြင့် ဂုဏ်ယူဝမ်းမြောက်ကြောင်း၊ “ဥပဒေမူကြမ်း ရေးဆွဲသူတစ်ဦးဟာ အတွေ့ အကြုံမည်မျှပင် ရှိစေကာမူ ထိုသူတစ်ဦးတည်း၏ တွေးခေါ်စဉ်းစားစိစစ်ရေးဆွဲရုံမျှဖြင့် မည်သည့် အခါမျှ ပြည့်စုံနိုင်မည် မဟုတ်ကြောင်း၊ ခေတ်စနစ်အုပ်ချုပ်ရေးစနစ် ပြောင်းလဲသွားသော်လည်း ပြောင်းလဲလာသည့် စနစ်နှင့်အညီ ကျင့်သုံးအကောင် အထည်ဖော်နိုင်ရန် ဖြစ်နိုင်သမျှ ရည်ရွယ်၍ ရေးဆွဲရမည်ဖြစ်ကြောင်း” စသည့်အချက်များကို ပြည်ထောင်စုရှေ့နေချုပ်ရုံးက ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလမှာ ထုတ်ဝေခဲ့တဲ့ ဥပဒေမူကြမ်းရေးဆွဲနည်း လမ်းညွှန်စာအုပ်မှာ ထည့်သွင်းဖော်ပြ ထားပြီး ဖြစ်ကြောင်း၊ ဒါ့ကြောင့် ဥပဒေမူကြမ်းရေးဆွဲခြင်း၊ စိစစ်ခြင်းများ ဆောင်ရွက်ရာမှာ ယင်း အချက်များကို သတိပြုဆင်ခြင်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ သင်တန်းကို တက်ရောက်ခဲ့ကြသည့် ဥပဒေအရာရှိများအနေဖြင့် ဥပဒေတစ်ရပ်ကို ချဉ်းကပ်လေ့လာရာတွင် ဥပဒေမူကြမ်းရေးဆွဲသူ (Draftsman) တစ်ဦး၏ ရှုထောင့်အမြင်ဖြင့် ပိုင်းခြားရှုမြင်ပြီး ဥပဒေတစ်ရပ်၏ အနှစ်သာရ ပြည့်စုံမှု၊ ရှေ့နောက်ညီညွတ်မှု၊ အစီအစဉ်ကျနပြေပြစ်မှု၊ အရေးအသား ရှင်းလင်းကျစ်လျစ်မှု၊ လက်တွေ့ အကောင်အထည်ဖော်နိုင်မှုတို့ကို သတိပြုစိစစ်တတ်သည့် အလေ့အကျင့်ကောင်းများကို ဤသင်တန်း ကနေ ရရှိသွားကြပြီး ဖြစ်မည်လို့ ယုံကြည်ပါကြောင်း၊ ဤသင်တန်းတွင် ဒုတိယရှေ့နေချုပ်နဲ့ ညွှန်ကြားရေးမှူးချုပ်တို့ကလည်း အတွေ့အကြုံများကို တစ်ချိန်စီ ပို့ချပေးခဲ့ကြောင်း၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများက အားသွန်ခွန်စိုက် ယင်းတို့၏ အတွေ့အကြုံများကိုလေ့ကျင့်ခန်းများပေး၍ လက်တွေ့နဲ့ပေါင်းစပ် သင်ကြားပေးကြောင်း၊ သင်တန်းသူ/သင်တန်းသား များကလည်း စိတ်ပါဝင်စား ကြိုးစားသင်ယူကြကြောင်း သိရှိရလို့ ကျေနပ်အားရမိကြောင်း၊ နိဂုံးချုပ်အနေနဲ့ ဤသင်တန်းကရရှိသည့် အသိပညာ ဗဟုသုတများကို အခြေခံပြီး ပြည်ထောင်စု ရှေ့နေချုပ်ရုံးနဲ့ နိုင်ငံတော်အတွက် အားထားရတဲ့ ဥပဒေပညာရှင်များ ဖြစ်အောင် ဥပဒေမူကြမ်း ရေးဆွဲခြင်း ပညာရပ်များကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးသွားကြပါလို့ တိုက်တွန်းမှာကြား လိုကြောင်း ပြောကြားပါသည်။
အဆိုပါ သင်တန်းဆင်းပွဲ အခမ်းအနားသို့ ဒုတိယရှေ့နေချုပ် ဦးစန်းလွင်၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ ကြပြီး၊ အခမ်းအနားအပြီးတွင် စုပေါင်းအမှတ်တရ ဓါတ်ပုံရိုက်ကူးကြပါသည်။
(သတင်းစဉ်)
