

နေပြည်တော်၊ ဇူလိုင် ၃
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် Singapore Institute of International Affairs (SIIA) ၏ ဥက္ကဌဖြစ်သူ Prof. Simon Tay နှင့်အဖွဲ့အားယနေ့ နံနက်၁၀:၀၀ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံဆွေးနွေးစဉ် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေမူဘောင်များ တိုးတက် ကောင်းမွန်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများ၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာ လုပ်ငန်းများကိုအလေးထားခြင်းဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဆွဲဆောင်နိုင်ရေး အတွက် ဆောင်ရွက်နေမှုများ၊ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ အတည်ပြုချက်များကို မြန်ဆန်လွယ်ကူစွာ ထုတ်ပေးနိုင်ရေးအတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ လုပ်ငန်းစဉ်များကို ဖြေလျှောဆောင်ရွက်နေမှုများ၊ ဥပဒေဆိုင်ရာ အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီရယူသိရှိနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေမှုများ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ အရာရှိများအတွက် စီးပွားရေးဆိုင်ရာဥပဒေများနှင့် စာချုပ်စာတမ်း ဆိုင်ရာ အတွေ့အကြုံများပိုမိုရရှိစေမည့် ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များကို ဆွေးနွေးခဲ့ကြ ပါသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်နှင့် ညွှန်ကြားရေးမှူး ဒေါက်တာ ကြည်ကြည်သန်းအောင်တို့ လည်း တက်ရောက်ခဲ့ကြပါသည်။
(သတင်းစဉ်)
