ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ၂၀၁၇ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိတ်စိုက်ထည့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်

နေပြည်တော် ၊ ဇွန်၂၃

        ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ ၂၀၁၇ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ နှင့် ငါးမျိုးစိတ်စိုက်ထည့်ခြင်း အခမ်းအနားအသီးသီးအား ယနေ့နံနက် ၁၀:၀၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ ရုံး၏ပရိဝုဏ်အပြင်ဘက်ရှိ တစ်ဘက်လျှိုပိတ်ဆည်၌ ငါးမျိုးစိတ်စိုက်ထည့်ပွဲ အခမ်းအနားအား စတင်ကျင်းပပြုလုပ်ပါသည်။

        အစီအစဉ်အတိုင်း ဦးစွာပထမ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက လျှိုပိတ်ဆည် အတွင်းသို့ ငါးသားပေါက်များအားစိုက်ထည့်ပေးပြီး၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့် နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများကလည်း အသီးသီးငါးသားပေါက်များအား စိုက်ထည့်ပေးပါသည်။

        ဆက်လက်၍ သစ်ပင်စိုက်ပျိုးပွဲအား ကျင်းပပြုလုပ်ရာ ပြည်ထောင်စုရှေ့နေချုပ်၊ ဒုတိယရှေ့နေချုပ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူး များက သတ်မှတ်နေရာအသီးသီးတွင် ရတနာတန်းဝင် ကျွန်းပင်များအား စိုက်ပျိုးပေးကြပါသည်။ ပြည်ထောင်စုရှေ့နေချုပ်နှင့်အဖွဲ့သည် သစ်ပင်စိုက်ပျိုးကြသော ဝန်ထမ်းများအား လိုက်လံကြည့်ရှု နှုတ်ဆက်အားပေးပါသည်။

        ပြည်ထောင်စုရှေ့နေချုပ်ရုံးသည် ယခုနှစ် မိုးရာသီတွင် အရိပ်ရ လေကာပင် အပါအဝင် ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ကနီ၊ ကံ့ကော်၊ ခရေ၊ မယ်ဇလီ၊ စိန်ပန်းကြီး၊ စန္ဒကူး၊ ပန်းမယ်ဇလီ၊ ရေတမာ၊ တမာ၊ ကုက္ကိုလ်စသည့် အပင်ပေါင်း ၁၁၀၀ ကျော်အား စိုက်ပျိုးခဲ့ပြီး တစ်ဘက်လျှိုပိတ်ဆည် အတွင်းသို့လည်း ငါးမြစ်ချင်းသားပေါက်ကောင်ရေ ၆၀၀၀ အား စိုက်ထည့်ခဲ့ကြောင်း သတင်းရရှိ ပါသည်။

(သတင်းစဉ်)