ပြည်ထောင်စုရှေ့နေချုပ်သည် ဂျပန်နိုင်ငံ၊ တရားရေးဒုတိယဝန်ကြီး Mr. Takashi YAMASHITA က အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ သြဂုတ် ၁

        ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး သည် ဂျပန်နိုင်ငံ၊ တရားရေးဒုတိယဝန်ကြီး Mr. Takashi YAMASHITA နှင့်အဖွဲ့အား ယနေ့မွန်းတည့် ၁၂:၀၀ နာရီအချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

          ထိုသို့တွေ့ဆုံရာတွင် ဥပဒေရေးရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်နိုင်ငံ တရားရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့အကြား ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့်လုပ်ငန်းများ၊ တရားစီရင်ရေးကဏ္ဍပြုပြင်ပြောင်းလဲရေး၊ လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဥပဒေများ အပါအဝင် စီးပွားရေးလုပ်ငန်းဆိုင်ရာဥပဒေများ ရေးဆွဲခြင်းတို့၌ ပံ့ပိုးကူညီဆောင်ရွက်မည့် အစီအစဉ် များ၊ ဂျပန်နိုင်ငံတွင် ကျင်းပမည့် ရာဇဝတ်မှုတိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာညီလာခံနှင့် လူငယ်ဖိုရမ်များ၌ အတွေ့အကြုံများ ဖလှယ်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်မှုများ၊ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) နှင့် ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းများနှင့် ပညာတော်သင်များ ဆက်လက်စေလွှတ်နိုင်ရေး စသည်တို့ကို ရင်းနှီးစွာ ဆွေးနွေးခဲ့ကြပါသည်။

          အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်နှင့် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာဦးတို့  တက်ရောက်ကြကြောင်း သိရှိရပါသည်။

 

                                                                                                (သတင်းစဉ်)