ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက မန္တလေး ငလျင်ဒဏ်သင့် ဥပဒေရုံးအဆင့်ဆင့်မှ ဝန်ထမ်းများနှင့် မိသားစုဝင်များအား ထောက်ပံ့ပစ္စည်း များပေးအပ်ခြင်းနှင့် အားပေးစကားပြောကြား

မန္တလေး၊ ဧပြီ ၁၀

ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးသည် ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ လိုက်ပါလျက် မန္တလေးတိုင်း နှင့်စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မန္တလေးငလျင်ဒဏ်သင့် ဥပဒေရုံးအဆင့်ဆင့်မှ ဝန်ထမ်းများ နှင့်မှီခိုသူမိသားစုများအား ထောက်ပံ့ပစ္စည်းပေးအပ်ခြင်းနှင့် အားပေးစကား ပြောကြားခြင်းတို့ကို ၁၀-၄-၂၀၂၅ ရက်က မန္တလေးတိုင်းဒေသကြီးဥပဒေချုပ်ရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ၂၈-၃-၂၀၂၅ ရက်က လှုပ်ခတ်ခဲ့သည့် ငလျင်ဒဏ်ကြောင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊  မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ လူနေအိမ်နှင့် အဆောက်အဦများ ထိခိုက်ပျက်စီးမှုများရှိခဲ့ရာ မိမိတို့၏ ဥပဒေရုံးအဆင့်ဆင့်နှင့် ဝန်ထမ်းအိမ်ရာများ၊ လူနေအိမ်များ ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုထိခိုက်ပျက်စီးဆုံးရှုံးမှုများကို စစ်တမ်းစာရင်း ကောက်ယူခြင်းလုပ်ငန်းများဆောင်ရွက်ပြီး တတ်နိုင်သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယခုအခါမန္တလေးနှင့်စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ငလျင်ဒဏ်သင့် ဥပဒေရုံး အဆင့်ဆင့်မှ ဝန်ထမ်းများနှင့်မိသားစုဝင်များ လတ်တလောအဆင်ပြေစေရန် ကူညီထောက်ပံ့ရေး ပစ္စည်းများ လာရောက်ပေးအပ်ခြင်းဖြစ်ကြောင်း၊ ငလျင်ဒဏ်ကြောင့် ဖြစ်ပေါ်လာသော စိုးရိမ် ကြောင့်ကြမှု၊ ကြောက်ရွံ့ထိတ်လန့်မှုများကို ခေတ္တဖယ်ရှား၍ စိတ်ဓာတ်များပြန်လည်မြှင့်တင် ပူးပေါင်းဆောင်ရွက်ကြပါရန်၊ ယင်းသို့ပူးပေါင်းဆောင်ရွက်မှုဖြင့် ရုံးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်သွားနိုင်ရေး ကြိုးစားကြစေလိုကြောင်းစသည်ဖြင့် အားပေးစကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဥပဒေရုံးအဆင့်ဆင့်မှ ဝန်ထမ်းနှင့်မိသားစုများ လတ်တလောစားဝတ်နေရေး အဆင်ပြေစေရေးအတွက် အလှူရှင်များ လှူဒါန်းသည့် Disaster Kid Box ( ၁၀၀ ) ပုံး၊ ဆေးရည်စိမ်ခြင်ထောင် ( ၂၀၀ ) လုံး၊ ဆန်၊ ဆီ၊ ကြက်ဥကတ်များနှင့် အသင့်စားခေါက်ဆွဲထုပ်များအား ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

ထို့နောက် ငလျင်ဒဏ်သင့် ပျက်စီးဆုံးရှုံးသည့်ရုံးများ၊ အိမ်ရာများကို လှည့်လည်ကြည့်ရှု စစ်ဆေး၍ ဝန်ထမ်းနှင့် မိသားစုဝင်များအား အားပေးစကားပြောကြားပြီး မိုးလုံ၊ လေလုံအောက် အမြန်ဆုံးရောက်ရှိရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်း ရရှိပါသည်။

(သတင်းစဉ်)