ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် တွေ့ဆုံ

နေပြည်တော်၊ ဇူလိုင်လ ၈ ရက်

ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးသည် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မ ရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်အား ၂၀၂၅ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့တွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ ဆုံသည်။

တွေ့ဆုံစဉ် ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကိုပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ် (Universal Periodic Review) တွင် မြန်မာနိုင်ငံမှ အစီရင်ခံစာတင်သွင်းခြင်း တတိယအကျော့ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ကော်မရှင်မှ မေးမြန်းလိုသည့်၊ ရှင်းလင်းလိုသည့်အချက်များကို ရင်းနှီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ တတိယအကျော့ UPR သုံးသပ်မှုခံယူရန် ဆောင်ရွက် ခဲ့သည့် လုပ်ငန်းစဉ်အနေဖြင့် ယခင်ကဒုတိယသမ္မတဦးဆောင်သော Universal Perodic Review-UPR အကြံပြုတိုက်တွန်းချက်များ အကောင်အထည်ဖော်ဆောင်ရွက်ရေး အမျိုးသားအဆင့် ကော်မတီကို ဖွဲ့စည်းခဲ့ပြီး Focal Ministry အဖြစ် ပြည်ထဲရေးဝန်ကြီးဌာနက ဆောင်ရွက်ခဲ့ပါကြောင်း၊ အမျိုးသား အဆင့်ကော်မတီမှ အမိန့်ကြော်ငြာစာ အမှတ် ၁/၂၀၁၉ ဖြင့် ပြည်ထောင်စု ရှေ့နေချုပ် ဦးဆောင်သည့် အစီရင်ခံစာပြုစုရေး လုပ်ငန်းကော်မတီ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်သည့် စာတမ်းပြုစုရေးကော်မတီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးဆောင်သည့် အဖွဲ့အစည်းများနှင့်ဆက်ဆံရေးကော်မတီတို့အား ဖွဲ့စည်းခဲ့ သောကြောင့် ဥပဒေရေးရာဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ၏ UPR တတိယ အကျော့အစီရင် ခံစာအား ရေးသားပြုစုကာ UPR လုပ်ငန်း အဖွဲ့သို့ တင်သွင်းခဲ့ပါကြောင်း၊ ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန် သုံးသပ် သည့်လုပ်ငန်းစဉ် (Universal Periodic Review – UPR) လုပ်ငန်းအဖွဲ့၏ ၃၇ ကြိမ်မြောက် အစည်းအဝေးကာလအတွင်း မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေနှင့်စပ်လျဉ်း၍ တတိယအကျော့သုံးသပ်မှုကို ၂၅-၁-၂၀၂၁ ရက်နေ့တွင် သုံးသပ်မှုခံယူခဲ့ပါကြောင်း၊ သုံးသပ်မှုခံယူသည့် နေ့တွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၁၀၆ နိုင်ငံမှ မြန်မာနိုင်ငံအပေါ် လူ့အခွင့်အရေး အခြေအနေနှင့် စပ်လျဉ်း၍ အကြံပြုချက် ၃၅၄ ချက်ကို အကြံပြုခဲ့ပါကြောင်း၊ အကြံပြုချက်များအပေါ် မြန်မာ နိုင်ငံ၏ရပ်တည်ချက်နှင့် စပ်လျဉ်း၍ အကြံပြုချက် ၁၁၉ ချက်ကို လက်ခံသည် (enjoy the support)၊ အကြံပြုချက် ၄၆ ချက်ကို မှတ်သားထားသည် (noted)၊ အကြံပြုချက် ၁၈၉ ချက်ကို လေ့လာ၍ပြန်ကြားမည် (will be examined) ဟူ၍ ၂၆-၁-၂၀၂၁ ရက်နေ့တွင် UPR လုပ်ငန်းအဖွဲ့သို့ ပြန်ကြားခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ၏ UPR အစီရင်ခံစာသုံးသပ်မှုနှင့် စပ်လျဉ်းသည့် UPR လုပ်ငန်းအဖွဲ့၏ ကနဦး အစီရင်ခံစာကို ၂၉-၁-၂၀၂၁ ရက်နေ့တွင် အတည်ပြုခဲ့ပြီး UPR website တွင် upload လုပ်ထားပါကြောင်းဖြင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)