ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးမှအပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စား လှယ် Mr. Arnaud De Baecque နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော်၊အောက်တိုဘာ ၂၃ ရက်

ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Arnaud De Baecque နှင့် ဥပဒေရေးရာညှိနှိုင်းရေးမှူး Ms. Samindika Dilani Elkaduwe တို့အား ယနေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဥပဒေရေးရာဝန်ကြီးဌာန ၏အစည်းအဝေးခန်းမ၌ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ၁၃ – ၁၀ – ၂၀၂၅ ရက်စွဲပါ စာအမှတ် ၃၁ ၃၈/ ၀၁ / ၂၀၂၅ (၂၂၃၀) ဖြင့် အကြောင်းကြားချက်အရ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ဂျီနီဗာကွန်ဗင်းရှင်းများအား ဥပဒေရေးရာဝန်ကြီးဌာန၊ စစ်ဥပဒေ ချုပ်ရုံးနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC) အဖွဲ့ ၃ ဖွဲ့ (Tripartite)တို့ ပူးပေါင်း၍ အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ဘာသာပြန်ဆိုခြင်းနှင့်စပ်လျဉ်း၍  နည်းပညာ နှင့် ဥပဒေပိုင်းဆိုင်ရာ စိစစ်မှုများပြုလုပ်သည့်ကိစ္စများ၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)နှင့် ဥပဒေရေးရာဝန်ကြီးဌာန၊ စစ်ဥပဒေချုပ်ရုံးနှင့် အခြားသက်ဆိုင်ရာဌာနများ ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာထောက်ထားမှုဥပဒေ (IHL)ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတစ်ရပ် ကျင်းပနိုင်ရေးကိစ္စရပ်များနှင့် ဥပဒေရေးရာကိစ္စရပ်များအား ဆွေးနွေးခဲ့ ကြပါသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်နှင့်အတူ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ ဒုတိယစစ်ဥပဒေချုပ်၊ ဥပဒေရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရပါသည်။

                                                                             (သတင်းစဉ်)