မော်လမြိုင်ကျွန်းမြို့နယ်ဥပဒေရုံးနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

နေပြည်တော်၊ နိုဝင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီးရှိ မော်လမြိုင်ကျွန်းမြို့နယ်ဥပဒေရုံးနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အအုံ သစ် ဖွင့်ပွဲအခမ်းအနားကို အဆိုပါဥပဒေရုံး၌ပြုလုပ်ရာ ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဥပဒေချုပ်နှင့်တကွ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်၊ ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ်၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးဥပဒေချုပ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး အဆောက်အအုံသစ် ကမ္ဗည်းမော်ကွန်းအား အမွှေးနံသာရည်များဖြင့် ပက်ဖျန်းပေးကြပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ဥပဒေရေးရာဝန်ကြီးဌာနအနေဖြင့် ၂၀၂၅ ခုနှစ်မှ ၂၀၂၉ ခုနှစ်အထိ “Building Legal Trust For The People” “ပြည်သူ့အတွက် တည်ဆောက်လျက် ဥပဒေယုံကြည်ချက်” ဆိုသည့် မဟာဗျူဟာ ချမှတ်ဆောင်ရွက်လျက်ရှိရာ ရုံး၊ အဆောက်အအုံများ ပြုပြင်မွမ်းမံခြင်း၊ ရုံးပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပစေရေး စဉ်ဆက်မပြတ် ဆောင်ရွက်စေခြင်းမှာလည်း ရည်မှန်းချက်ပန်းတိုင်များတွင် ပါဝင်ပြီး ပထမဦးစား ပေးအနေနဲ့ ချမှတ်အကောင်အထည် ဖော်လျက်ရှိကြောင်း၊ ယခုလို ဥပဒေရုံးသစ် တည်ဆောက်ဖွင့် လှစ်ပေးနိုင်ခြင်းသည် မဟာဗျူဟာရဲ့ ရည်မှန်းချက်ပန်းတိုင် ပြည့်မီအောင် ဆောင်ရွက်ခြင်းလည်း ဖြစ်ကြောင်း၊

မော်လမြိုင်ကျွန်းမြို့နယ်ဥပဒေရုံးနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အအုံသစ်သည် အလျား ၆၀ ပေ x အနံ ၄၅ ပေ၊ RC(၂ )ထပ် အဆောက်အအုံဖြစ်ပြီး Thaw Zin Thant Co.,Ltd မှ တာဝန်ယူ ဆောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊

ယနေ့ ဖွင့်လှစ်သည့် မော်လမြိုင်ကျွန်းမြို့နယ် ဥပဒေရုံးအပါအဝင် ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ် အထိ ခရိုင်ဥပဒေရုံး (၃)ရုံး၊ မြို့နယ်ဥပဒေရုံး (၁၀)ရုံး၊  အရာထမ်းအိမ်ရာ(သီးသန့်) (၈)လုံးနှင့် မြို့နယ် ဥပဒေရုံးနှင့် အရာထမ်းအိမ်ရာ တွဲလျက် (၁၃)ရုံးတို့ကို တည်ဆောက်ပေးနိုင်ခဲ့ကြောင်း၊ ဥပဒေရုံးသစ် များ၊ ဝန်ထမ်းအိမ်ရာများကို အဆင့်မီစွာ တည်ဆောက်ဖွင့်လှစ်နိုင်ခြင်းမှာ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှု များဖြစ်ပြီး အရာထမ်း၊ အမှုထမ်းများ စိတ်အေးချမ်းသာစွာ တာဝန်ထမ်းဆောင်နိုင်တော့မှာဖြစ်လို့ ဝမ်းသာပီတိ ဖြစ်ရကြောင်း၊

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်နှင့် တာဝန်ရှိသူများက ရုံးအ ဆောက်အအုံသစ်နှင့် ဝန်ထမ်းအိမ်ရာကို လှည့်လည်ကြည့်ရှုကြပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးသည် ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေ ချုပ်၊ တိုင်းဒေသကြီဥပဒေချုပ်၊ ဥပဒေရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဥပဒေအရာရှိများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကား ပြောကြားခဲ့ပါ သည်။

ထိုသို့ ပြောကြားရာတွင် ဥပဒေရေးရာဝန်ကြီးဌာနသို့ ပေးပို့လာသော တိုင်ကြားစာများမှာ ဥပဒေအရာရှိများက အမှုစစ်ဆေးစဉ် အမှုသည်အပေါ် မချေမငံပြောဆိုခြင်း၊ မောက်မာရိုင်းစိုင်းစွာ ပြောဆိုခြင်းများကို တွေ့ရှိရသဖြင့် ဥပဒေအရာရှိများအနေဖြင့် ဥပဒေအရာရှိကျင့်ဝတ်၊ ဝန်ထမ်းကျင့် ဝတ်များကို တိကျစွာ စောင့်ထိန်းလိုက်နာကြရန် လိုအပ်မည်ဖြစ်ကြောင်း၊

လုပ်ငန်းတာဝန်များ ဆောင်ရွက်ကြရာတွင် အဂတိလိုက်စားမှုကင်းရှင်းစေရေးကို အထူးဂရုပြု ကြရမှာဖြစ်ကြောင်း၊ အဂတိကင်းရှင်းစွာ ဆောင်ရွက်ခြင်းဖြင့် တရားဥပဒေစိုးမိုးရေးကိုလည်း အထောက် အကူပြုမှာဖြစ်ကြောင်း၊

ဥပဒေအကြံပေးကိစ္စ၊ အမှုလိုက်ပါဆောင်ရွက်ခြင်းကိစ္စ၊ ကျေအေး/ရုပ်သိမ်းခြင်းကိစ္စများတွင် ငွေကြေးလာဘ်ငွေ တောင်းခံခြင်းများကြောင့် တိုင်ကြားသည်ကို အများဆုံးတွေ့ရှိသည့်အတွက် ဥပဒေအရာရှိများနှင့် ရုံးဝန်ထမ်း များအနေဖြင့် အထူးအလေးထားရှောင်ကြဉ်ရန် လိုအပ်ကြောင်း၊

လူမှုကွန်ယက်(Facebook) စာမျက်နှာကို အသုံးပြုရာတွင် မိမိဝန်ကြီးဌာနနှင့် အဖွဲ့အစည်း၏ ဂုဏ်သိက္ခာကိုထိခိုက်စေမည့် အရေးအသားများအပြင် ရုံးလုပ်ငန်းကိစ္စရပ်များကို ချပြဝေဖန်ဆွေးနွေး ခြင်းများ မပြုလုပ်ရေး၊ လူမှုဆက်ဆံရေး၊ မိမိ၏ ပုဂ္ဂိုလ်ရေးနှင့် သက်ဆိုင်သည့်ကိစ္စများတွင် ဥပဒေအရာရှိ ကျင့်ဝတ်၊ နိုင်ငံ့ဝန်ထမ်းကျင့်ဝတ်တို့နှင့်အညီ ရာထူးအဆင့်နှင့် လျော်ညီစွာ ပြုမူကျင့်ကြံနေထိုင်ရန် အကြိမ်ကြိမ် ညွှန်ကြားထားပြီး ဖြစ်သော်လည်း အချို့ ဥပဒေအရာရှိများနှင့် ဝန်ထမ်းများက လိုက်နာမှု မရှိသည်ကို တွေ့ရသည့်အတွက် သတိပေးပြောကြားလိုကြောင်း စသည်ဖြင့် ဆွေးနွေးပြောကြားခဲ့ပါ သည်။

ဆက်လက်၍ တက်ရောက်လာသည့် ဥပဒေအရာရှိများက လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြကြပြီး တိုင်းဒေသကြီးဥပဒေချုပ်က ဖြည့်စွက်ရှင်းလင်းတင်ပြ၍ ပြည်ထောင်စုဝန်ကြီး နှင့် ပြည်ထောင်စုရှေ့နေချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိပါသည်။

သတင်းစဉ်