မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်း ကော်မတီသတ္တမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊ ဩဂုတ်လ ၂၇ ရက်


မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းကော်မတီ သတ္တမအကြိမ် လုပ်ငန်းညိနှိုင်းအစည်းအဝေးကို ယနေ့နေ့လည် ၁:၀၀ နာရီတွင် Hybrid Format ဖြင့် ဥပဒေရေးရာ ဝန်ကြီးဌာနရှိ မြေညီထပ်အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ ၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး တက်ရောက် အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ နေပြည်တော်ရှိ မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေ ရေးရာလုပ်ငန်းကော်မတီ အဖွဲ့ဝင်များက လူတိုင်တိုင်တက်ရောက်၍ လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥပဒေရေးရာလုပ်ငန်းကော်မတီအဖွဲ့ဝင် ကိုယ်စားလှယ်များ၊ ရန်ကုန် တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီတို့မှ ကိုယ်စားလှယ်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များသင်းချုပ်မှ ကိုယ်စားလှယ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာအမျိုးသမီးကော်မတီနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့မှ ကိုယ်စားလှယ်တို့က Online မှလည်းကောင်း တက်ရောက်ကြသည်။
အစည်းအဝေး၌ မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်း ကော်မတီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာတွင် ကလေးအလုပ်သမားပပျောက်ရေးသည် မိမိတို့နိုင်ငံအတွက် ကြီးမားသည့် စိန်ခေါ်မှုဖြစ်ပြီး ရေရှည်ဆောင်ရွက်သွားရမည့်လုပ်ငန်း ဖြစ်ပါကြောင်း၊ ဥပဒေရေးရာလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို လုပ်ငန်းစီမံချက်အရ (၃)လတစ်ကြိမ် ကျင်းပရမည်ဖြစ်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ယနေ့မှသာ ကျင်းပနိုင်ခြင်းဖြစ် ပါကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းကော်မတီအနေဖြင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၆)ကြိမ် ကျင်းပနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ဆဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်‌ဖော်ဆောင်ရွက်နိုင်မှုများနှင့်စပ်လျဉ်း၍ ဥပဒေရေးရာလုပ်ငန်း ကော်မတီ အတွင်းရေးမှူး၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်နိုင်မှ ရှင်းလင်းဆွေးနွေး သွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျေက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းကော်မတီ၏ ဒုတိယငါးနှစ် လုပ်ငန်းစီမံချက် (၂၀၂၄-၂၀၂၈) အား အတည်ပြုခဲ့ပြီး ဖြစ်ပါကြောင်း၊ အဆိုပါလုပ်ငန်းစီမံချက်အရ ဆောင်ရွက် ရမည့် အချက်(၉)ချက်ရှိပါကြောင်း၊ ၎င်းတို့မှာ (က) ပုံမှန်အစည်းအဝေးများကို (၃)လ တစ်ကြိမ် ကျင်းပခြင်း နှင့် လိုအပ်ပါက အရေးပေါ်အစည်းအဝေးများ ခေါ်ယူကျင်းပခြင်း၊ (ခ) ဥပဒေများကိုလိုအပ်ပါက ပြန်လည် ပြင်ဆင်ခြင်းနှင့် အသစ်ရေးဆွဲခြင်းဆိုင်ရာကိစ္စများကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ဆက်စပ်အဖွဲ့အစည်းများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခြင်း၊ (ဂ) လုပ်ငန်း စီမံချက် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်း၊ (ဃ) ကလေးအလုပ်သမားနှင့် သက်ဆိုင်သည့်ဥပဒေများကို လိုအပ်သလို ပြင်ဆင်ခြင်းနှင့် အသစ် ရေးဆွဲခြင်းပြုရာတွင် မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအမျိုးသားကော်မတီသို့ အကြံပြု တင်ပြခြင်း၊ (င) ပူးပေါင်းဆောင်ရွက်မည့်သူများကို အသိပညာပေးခြင်းနှင့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ (စ)စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများကို စွမ်းဆောင်ရည်မြှင့်တင်ပေးခြင်း၊ (ဆ)လုပ်ငန်းကော်မတီ၏ လုပ်ငန်းစီမံချက်ကို လုပ်ငန်းအခြေအနေနှင့်လျော်ညီမှုရှိစေရန် အခါအားလျော်စွာ သုံးသပ် ပြင်ဆင် ဆောင်ရွက်ခြင်း၊(ဇ) ကော်မတီ၏လုပ်ငန်းဆောင်ရွက်ချက်များကို မှတ်တမ်းပြုစုထားရှိရန်နှင့် သတ်မှတ် ထားသည့် အချိန်ကာလအလိုက် အစီရင်ခံစာကို မြန်မာနိုင်ငံကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီသို့ တင်ပြခြင်းနှင့် (ဈ) မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီမှ အခါအားလျော်စွာ ပေးအပ်သည့်တာဝန်များကို ဆောင်ရွက်ခြင်းတို့ဖြစ်ပါကြောင်း၊ အဆိုပါ ဒုတိယငါးနှစ်လုပ်ငန်းစီမံချက်အရ ကလေးအလုပ်သမားပပျောက်ရေးနှင့်စပ်လျဉ်း၍ ဥပဒေ ရေးရာလုပ်ငန်းကော်မတီဝင်များမှ မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ပြီးကိစ္စများ၊ ဆောင်ရွက်ဆဲ ကိစ္စများ၊ ဆောင်ရွက်ရန်ရှိသည့်ကိစ္စများကို ယနေ့အစည်းအဝေးတွင် တင်ပြစေလိုကြောင်း တိုက်တွန်း ပြောကြားသည်။
ထို့နောက် ဥပဒေရေးရာလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ဥပဒေ အကြံဉာဏ်ပေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်နိုင်က ဥပဒေရေးရာလုပ်ငန်းကော်မတီ ဆဋ္ဌမအကြိမ် အစည်းအဝေးမှတ်တမ်းကို အတည်ပြုခြင်း၊ ဆဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဆုံးဖြတ်ချက်များအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုများနှင့် ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းကော်မတီ၏ လက်ရှိဆောင်ရွက်နေမှုများနှင့် ဥပဒေရေးရာလုပ်ငန်း ကော်မတီဝင် များက ဆောင်ရွက်ရမည့်ကိစ္စများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပါသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ဒုတိယငါးနှစ် လုပ်ငန်းစီမံချက်အရ ကလေးအလုပ်သမားပပျောက်ရေးနှင့်စပ်လျဉ်း၍ မိမိတို့ သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ပြီး ကိစ္စများ၊ ဆောင်ရွက်ဆဲကိစ္စများ၊ ဆောင်ရွက်ရန်ရှိသည့်ကိစ္စများကို ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပြီး ဥပဒေရေးရာလုပ်ငန်းကော်မတီ၊ အတွင်းရေးမှူးက သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဆုံးဖြတ်ရန် အချက်(၄) ချက်ကို ရှင်းလင်းတင်ပြကာ အတည်ပြုချက်ရယူသည်။
ထို့နောက် မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦးက နိဂုံးချုပ် အမှာစကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

(သတင်းစဉ်)