အဆင့်မြင့်နိုင်ငံ့ဝန်ထမ်းများအတွက် ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းအမှတ်စဉ် (၁) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် ဩဂုတ် ၂၇

  အဆင့်မြင့်နိုင်ငံ့ဝန်ထမ်းများအတွက် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ်(၁) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန၊ ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်းကျောင်း(LAC)၊  ပထမထပ်သင်တန်းခန်းမ (MOLA Lecture Hall) ၌ ကျင်းပသည်။
ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ဥပဒေရေးရာဝန်ကြီးဌာန အနေဖြင့် မဟာဗျူဟာများချမှတ်ပြီး လုပ်ငန်းများဆောင်ရွက် လျက်ရှိကာ ၂၀၁၅-၂၀၁၉ ခုနှစ်တွင် Moving Forwards To The Rule of Law “တရားဥပဒေ စိုးမိုးရေးဆီသို့”၊ ၂၀၂၀-၂၀၂၄ ခုနှစ်တွင် Providing Legal Service for Justice “တရားမျှတမှု အတွက်ဥပဒေဝန်ဆောင်မှု”၊ Building Legal Trust for The People “ပြည်သူ့အတွက် တည်ဆောက်လျှက်ဥပဒေယုံကြည်ချက်” စသည့်မဟာဗျူဟာ ရည်မှန်းချက်များဖြင့် ဆောင်ရွက်နေပါကြောင်း၊
ဥပဒေအသိပညာပြန့်ပွားရေးမှာ တရားဥပဒေစိုးမိုးရေးအတွက် အညွှန်းကိန်းတစ်ခုဖြစ်ပါကြောင်း၊ လူတိုင်းလူတိုင်းတွင် ဥပဒေအသိပညာရှိသင့်သည် ဟူသော နိုင်ငံ့တော်အကြီးအကဲ၏ လမ်းညွှန်ချက်အရလည်းဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊
ဥပဒေရေးရာဝန်ကြီးဌာနအနေဖြင့် ဥပဒေအသိပညာပြန့်ပွားရေးအတွက် ဥပဒေစာအုပ်များ ထုတ်ဝေခြင်း၊ ဥပဒေတေသနများပြုလုပ်ခြင်း၊ Myanmar Laws Information System ဖြင့် ဥပဒေသတင်းအချက်အလက်များ ဖြန့်ဖြူးခြင်းများပြုလုပ်နေပြီး အဓိက အနေဖြင့် ဥပဒေအသိ ပညာသင်တန်းများပေးခြင်းဖြစ်ပြီး အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူချုပ်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များအား နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း ဖွင့်လှစ်သည်မှာ အမှတ်စဉ်(၄)အထိရှိပြီးဖြစ်ကာ Certificate of Legal Advocacy လက်မှတ်ကို ပေးအပ်ကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏ ခွင့်ပြုချက်အရ Diploma of Legal Advocacy (DLA) သင်တန်းကိုမကြာမီဖွင့်လှစ်မည် ဖြစ်ပါကြောင်း၊
ယနေ့ဖွင့်လှစ်သောသင်တန်းမှာ ညွှန်ကြားရေးမှူးနှင့် ဒုတိယညွှန်ကြား‌ရေးမှူးအဆင့် အရာထမ်းများအတွက် အဆင့်မြင့်နိုင်ငံ့ဝန်ထမ်းများအတွက်ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်း အမှတ်စဉ်(၁)ဖြစ်ပြီး ယခုမှစတင်ဖွင့်လှစ်သည့်သင်တန်းဖြစ်ပါကြောင်း၊ ယခင်ကအလယ်အလတ် အဆင့်နိုင်ငံ့ဝန်ထမ်းများအတွက် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းတွင် အခြားသော ဝန်ကြီးဌာနများမှ အရာထမ်းများအား သင်တန်းပေးခဲ့ကြောင်း၊
ယခုသင်တန်း၏ရည်ရွယ်ချက်မှာ ဥပဒေအသိပညာပြန့်ပွားရေးကို သက်ဆိုင်ရာဌာနများတွင် အရာထမ်းဝန်ထမ်းများကို ဥပဒေအသိပညာရှိစေရန်လုပ်ဆောင်ရမည်ဟု လမ်းညွှန်ချက်ရှိပါကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန်နှင့် အကူအညီတောင်းပြီး ဆောင်ရွက်ရန် လမ်းညွှန်ထားပါကြောင်း၊ ဝန်ကြီးဌာန၊ ဦးစီးဌာန၊ အဖွဲ့အစည်းများမှ မိမိတို့ထံမှဆရာများအား ဟောပြောပို့ချပေးရန် တောင်းဆိုသည့်အခါတွင် မိမိတို့အနေဖြင့် မိမိတို့မှပင်မလုပ်ငန်းများအပြင် သင်တန်းပေးခြင်းအားအချိန်နှင့်တပြေးညီ လုပ်ဆောင်နေပါကြောင်း၊ ယခုသင်တန်းတွင် ညွှန်ကြားရေးမှူး၊ဒုတိယညွှန်ကြားရေးမှူး အဆင့်များအား ပို့ချနေခြင်းမှာ Training for Trainer ဖြစ်ပြီး မိမိဌာနတွင်ဆင့်ပွားသင်တန်းပေးနိုင်ရန် ရည်ရွယ်ပါကြောင်း၊
ယခုသင်တန်းမှာ ရက်ပေါင်း ၄၀ စာသင်ချိန် ၁ ချိန်လျှင် ၅၀ မိနစ် ၈၀ ချိန်သင်တန်းပေး မည်ဖြစ်ပြီး Case Study ၊ သင်တန်းဝင်ဆန်းစစ်ချက်နှင့် သင်တန်းဆင်းဆန်းစစ်ချက်များ ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသိသင့်သိထိုက်သည့် မူကြမ်းရေးဆွဲခြင်း ဘာသာရပ်၊ စီးပွားရေးစာချုပ်စာတမ်းများ စိစစ်ခြင်းဆိုင်ရာဘာသာရပ်၊ အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့် အာဆီယံဥပဒေများလက်တွေ့အသုံးချမှု ဘာသာရပ်၊ တရားမဆိုင်ရာဘာသာရပ်၊ အထွေထွေဥပဒေအကြံပေးဘာသာရပ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေများအပြင် မိမိတို့ဝန်ကြီးဌာနမှ ဆောင်ရွက်နေသောလုပ်ငန်းများအကြောင်းကို ဥပဒေရေးရာဝန်ကြီးဌာနမှ အတွေ့အကြုံ ရင့်ကျက်သည့် ဆရာ၊ဆရာမများမှ ဖြန့်ဝေပေးမည်ဖြစ်ပါကြောင်း၊
ဥပဒေအသိပညာပြန့်ပွားရေးကိုသင်တန်းများပေးခြင်းအနေဖြင့် မိမိတို့မှထိထိရောက်ရောက် အားသွန်ခွန်စိုက်ဆောင်ရွက်နေပြီး ထိ‌ရောက်အောင်မြင်မှုရှိပါကြောင်း၊ နိုင်ငံတစ်ဝှမ်းလုံး ဥပဒေအသိ ပညာပြန့်ပွားရေးသင်တန်းများဆောင်ရွက်နေကြောင်း၊
သင်တန်းသားသင်တန်းသူအရာရှိကြီးမျာအနေဖြင့် သင်တန်းမှရရှိသော ဗဟုသုတများကို မိမိအတွက်သော်လည်းကောင်း၊ မိမိဌာနအတွက်သော်လည်းကောင်း၊ မိမိနိုင်ငံအတွက်သော် လည်းကောင်း ကောင်းစွာ အသုံးချစေလိုပါကြောင်း ပြောကြားသည်။ သင်တန်းဖွင့်ပွဲအခမ်း အနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူနှင့် ဦးရန်ကျော်၊ ပြည်ထောင်စု ဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာခုံရုံးအဖွဲ့ဝင် ဦးကျော်ဆန်းနှင့် ဦးခင်မောင်ဦး၊ ဒုတိယဝန်ကြီးနှင့်ဒုတိယ ရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ သင်တန်းသားသင်တန်းသူများ၊ ဥပဒေရေးရာဝန်ကြီးဌာနမှ ဌာနအကြီးအကဲ များ၊ ညွှန်ကြားရေးမှူးများနှင့် သင်တန်းဆရာများတက်ရောက်ကြပြီး အမှတ်တရ စုပေါင်းဓါတ်ပုံ  ရိုက်ကူးကြောင်းသိရသည်။
သတင်းစဉ်