နေပြည်တော်၊ အောက်တိုဘာ ၂၃

မြန်မာဥပဒေသတင်း အချက်အလက်စနစ်(MLIS) တည်ဆောက်ခြင်းလုပ်ငန်း ပြီးဆုံးမှု အစီရင်ခံစာတင်ပြခြင်းနှင့် ဥပဒေပေါင်းချုပ်စာအုပ် ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀:၀၀ နာရီ အချိန်၌ ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး တက်ရောက် အမှာစကားပြောကြားခဲ့ပါသည်။
အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများတွင် ဦးစားပေးကဏ္ဍ ဖြစ်သည့် တရားဥပဒေစိုးမိုးမှု တိုးတက်လာရေးကို အထောက်အကူဖြစ်စေမည့် မြန်မာဥပဒေ သတင်းအချက်အလက်စနစ်ကို ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ website မှတစ်ဆင့် ၂၀၁၈ခုနှစ်၊ မေလ ၂၄ ရက်နေ့တွင် အောင်မြင်စွာ စတင်ထုတ်လွှင့် နိုင်ခဲ့ပါကြောင်း၊ အဆိုပါစနစ် တည်ထောင်ရေးအတွက် ကိုရီးယားအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (KOICA)နှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့သည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလတွင် ဆွေးနွေးမှုမှတ်တမ်း(Record of Discussion) ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါကြောင်း၊ ကိုရီးယားနိုင်ငံအစိုးရ ဥပဒေပြုဝန်ကြီးဌာန(MOLEG)၊ KOICA၊ ကိုရီးယားဥပဒေ သတင်းအချက်အလက်ဌာန (KLIS)မှ တာဝန်ရှိသူများ၊ ပညာရှင်များနှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှ တာဝန်ရှိသူများသည် ယင်းစနစ် အကောင်အထည်ဖော်နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်း ပူးပေါင်းဆောင်ရွက်ခဲ့ကြပါကြောင်း၊ ယင်းစနစ်သည် မြန်မာနိုင်ငံ၏ ဥပဒေသတင်း အချက်အလက်များကို ပြည့်စုံစွာ ဖော်ပြထားသောကြောင့် ဥပဒေသုတေသီများ၊ ဥပဒေကျောင်းသူ/ ကျောင်းသားများ၊ ဥပဒေရေးဆွဲသူများ၊ ဥပဒေပြုသူများနှင့် ဥပဒေလေ့လာသူများအတွက် ဥပဒေစာကြည့်တိုက်တစ်ခု ဖြစ်ပါကြောင်း၊ ထို့ပြင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများနှင့် နိုင်ငံခြား ရင်းနှီးမြုပ်နှံသူများအတွက် ဥပဒေသတင်းအချက်အလက်များကို ပြည့်စုံစွာရရှိနိုင်သဖြင့် စီးပွားရေးလုပ်ငန်းများကို လွယ်ကူချောမွေ့စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်းနှင့် e-Government စနစ်ကို အလေးထားဆောင်ရွက်နေသည့် အချိန်တွင် ယင်းစနစ်ကို လွှင့်တင်၍ ဝန်ဆောင်မှုပေးခဲ့နိုင်ခြင်းကြောင့် မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေး၊ ပြည်သူများ ဥပဒေအသိပညာ ပြန့်ပွားရေးတို့အပြင် e-Government လုပ်ငန်းစဉ်ကိုလည်း များစွာအထောက်အကူ ပြုပါကြောင်းပြော ကြားခဲ့ပါသည်။
KOICA မှ ဌာနေကိုယ်စားလှယ်ချုပ် Ms. LEE YOUNG SU မှ အမှာစကားပြောကြား ရာတွင် မြန်မာဥပဒေသတင်း အချက်အလက်စနစ်(MLIS)စနစ်သည် အစိုးရဝန်ထမ်းများ သာမက ပြည်သူများလည်း ဝင်ရောက်ကြည့်ရှုနိုင်သည့်အတွက် တရားဥပဒေစိုးမိုးရေးနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် များစွာအထောက်အကူပြုမည်ဟုယုံကြည်ပါကြောင်း၊ မြန်မာဥပဒေ သတင်းအချက်အလက်စနစ်(MLIS)သည် နည်းပညာပိုင်းသာမက ဘတ်ဂျက်ပိုင်းတွင်လည်း လိုအပ်သည့်အတွက်ကြောင့် ယင်းစနစ်ဖွံ့ဖြိုးတိုးတက်ရန် အစိုးရ၏ထောက်ပံ့မှု လိုအပ်ပါကြောင်း နှင့် ဆက်လက်၍ အကျိုးပြုလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားခဲ့ပါသည်။
ယင်းအခမ်းအနားတွင်ကိုရီးယားနိုင်ငံအစိုးရ ဥပဒေပြုဝန်ကြီးဌာန(MOLEG)မှ ညွှန်ကြားရေးမှူးချုပ် Mr. LEE SANG SU က ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးထံသို့ ဥပဒေ၊ တစ်ဆင့်ခံဥပဒေ ၂၇၈၈ ခုပါရှိသည့် မြန်မာနိုင်ငံ တည်ဆဲဥပဒေပေါင်းချုပ် စာအုပ် ၃စုံ နှင့် လှူဒါန်းခြင်း မှတ်တမ်းလွှာ ပေးအပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ကိုရီးယားနိုင်ငံအစိုးရ ဥပဒေပြု ဝန်ကြီးဌာန(MOLEG)၊ KOICA ၊ KLIS နှင့် Beintech Co.,Ltd. အရာရှိများ၊ ပညာရှင်များနှင့် ဖိတ်ကြားထားသူများ စုစုပေါင်း(၃၅)ဦး တက်ရောက်ခဲ့ကြပြီး မြန်မာဥပဒေသတင်းအချက်အလက် စနစ် တည်ဆောက်ခြင်းလုပ်ငန်း ပြီးဆုံးမှုအစီရင်ခံခြင်း၊ လုပ်ငန်းလည်ပတ်နိုင်ရေးအတွက် ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ဆက်လက်ပံ့ပိုးခြင်းလုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။
(သတင်းစဉ်)
