မြန်မာဥပဒေသတင်းအချက်အလက်စနစ် စတင်ထုတ်လွှင့်ခြင်း အခမ်းအနားကျင်းပ ပြုလုပ်

နေပြည်တော်၊ မေလ ၂၄

 

 

 

ယနေ့ နံနက် ၁၀ နာရီ အချိန်၌ မြန်မာဥပဒေသတင်းအချက်အလက်စနစ် စတင် ထုတ်လွှင့်ခြင်းအခမ်းအနားကို နေပြည်တော်ဟိုတယ်ဇုံရှိ Hilton Hotel ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက တက်ရောက်အဖွင့်အမှာစကား ပြောကြား ပါသည်။

ပြည်ထောင်စုရှေ့နေချုပ်က ဒီကနေ့ဟာ ပြည်ထောင်စုရှေ့နေချုပ်ရုံး ရဲ့ သမိုင်းမှာ ထူးခြားတဲ့ နေ့တစ်နေ့ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းတွေထဲက ဦးစားပေးကဏ္ဍ ဖြစ်တဲ့ တရားဥပဒေစိုးမိုးမှု တိုးတက်လာရေးကို အထောက်အကူ ဖြစ်စေ မယ့် မြန်မာဥပဒေ သတင်းအချက်အလက်စနစ်ကို ပြည်ထောင်စုရှေ့နေချုပ်ရုံးရဲ့ website မှ တစ်ဆင့် စတင်ထုတ်လွှင့်နိုင်ခဲ့တာဖြစ်ကြောင်း ဥပဒေပြဋ္ဌာန်းချက်တွေ၊ ထုတ်ပြန်ချက်တွေ ကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်စေရန် မြန်မာဥပဒေသတင်းအချက်အလက်စနစ်ကို ထူထောင်ဆောင်ရွက်နိုင်ခဲ့ခြင်းဟာ ပြည်သူများအနေနဲ့ ဥပဒေသတင်းအချက်အလက်တွေကို အင်တာနက်၀က်ဘ်ဆိုက်နှင့် မိုဘိုင်းဖုန်းများမှတစ်ဆင့် အချိန်နှင့်တစ်ပြေးညီ အလွယ်တကူ ရှာဖွေကြည့်ရူနိုင်မှာ ဖြစ်ကြောင်း၊ ဒီစနစ်ကြောင့် ဥပဒေအသိပညာများ တိုးပွားကြမှာဖြစ်ကြောင်း နိုင်ငံရဲ့ တရားဥပဒေ စိုးမိုးရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ ဆောင်ရွက် ရာမှာ နိုင်ငံတကာ မိတ်ဖက် အဖွဲ့အစည်းတွေ ပြည်တွင်းပြည်ပ အဖွဲ့အစည်း တွေရဲ့ ကူညီပံ့ပိုးမှုတွေဟာ အလွန် အရေးပါကြောင်း၊ ယခု မြန်မာဥပဒေသတင်းအချက် အလက် စနစ် တည်ထောင်ရေးနှင့် စပ်လျဉ်းပြီး ကိုရီးယားသမ္မတနိုင်ငံအစိုးရဥပဒေပြု ၀န်ကြီးဌာန၊ ကိုရီးယား အပြည်ပြည် ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီKOICAနဲ့ ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့ဟာ ၂၀၁၅ခုနှစ်၊ အောက်တိုဘာလမှာ ဆွေးနွေးမှုမှတ်တမ်း (Record of Discussion) ကို လက်မှတ် ရေးထိုးကာ တည်ဆဲဥပဒေများသာမက ဥပဒေ သမိုင်းကြောင်းကိုသိရှိနိုင်ရန် ၊ ရုပ်သိမ်းပြီး ဥပဒေတွေကိုလည်း ဖော်ပြထားကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက်၊ အဖွဲ့အစည်း လိုက် ခွဲခြား၍ ဖော်ပြထားရုံသာမက အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ ကဏ္ဍအလိုက်လည်း ခွဲခြား ဖော်ပြထားကြောင်း၊ ဥပဒေ တစ်ခုခြင်းမှာလည်း မူလ ပြဋ္ဌာန်းချက်၊ ပြင်ဆင်ချက်၊ ပြင်ဆင်တဲ့ အကြိမ်အရေအတွက်၊ ပြင်ဆင်တဲ့ ခုနှစ်နဲ့ အကြောင်းအရာ စတာတွေကိုလည်း အလွယ်တကူ ရှာဖွေကြည့်ရှုနိုင်ရန်ဖော်ပြထားကြောင်း၊ မြန်မာနိုင်ငံ တရားစီရင်ထုံးများအပြင် မြန်မာနိုင်ငံနှင့် ချုပ်ဆိုသော အပြည်ပြည်ဆိုင်ရာ စာချုပ်များကိုလည်း ထည့်သွင်းဖော်ပြထားကြောင်း၊ ဒီစနစ်ဟာ မြန်မာနိုင်ငံရဲ့ ဥပဒေ သတင်း အချက်အလက်တွေကို ပြည့်ပြည့် စုံစုံ ဖော်ပြထားတာကြောင့် ဥပဒေသုတေသီတွေ၊ ဥပဒေကျောင်းသားကျောင်းသူတွေ၊ ဥပဒေရေးဆွဲသူ၊ ဥပဒေပြုစုသူ၊ ဥပဒေလေ့လာသူတွေ အတွက်လည်း Law Library တစ်ခုလို အထောက်အကူ များစွာ ဖြစ်မှာဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ အနေဖြင့်လည်း လုပ်ငန်း နှင့်သက်ဆိုင်သည့် ဥပဒေသတင်းအချက်အလက်တွေကို မြန်မြန်ဆန်ဆန် ပြည့်ပြည့်စုံစုံ လေ့လာနိုင်၍ လုပ်ငန်းတွေကို လွယ်ကူချောမွေ့စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေအနေဖြင့် မြန်မာနိုင်ငံရဲ့ ဥပဒေမူဘောင်တွေကို ပိုမိုသိရှိ နားလည်လာပြီး ရင်းနှီးမြှုပ်နှံမှုအတွက် အထောက်အကူ ဖြစ်စေမှာ ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားပါသည်။

ဆက်လက်၍ ကိုးရီးယားသမ္မတနိုင်ငံအစိုးရဥပဒေပြု၀န်ကြီးဌာန ၊ ၀န်ကြီး Ms. Kim Oe-sook က အမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ တိုးတက်ရန် ဥပဒေ သတင်းအချက်အလက်စနစ်သည် အရေးကြီးသော အခန်းကဏ္ဍ မှာရှိကြောင်း၊ ကိုရီးယား သမ္မတနိုင်ငံသည် ပြည်သူများ၏ ဥပဒေအသိပညာ ဗဟုသုတ နှင့် ဥပဒေ၏ ဝန်ဆောင်မှု လုပ်ငန်းများကို တိုးချဲ့လုပ်ဆောင်နိုင်ခဲ့၍ ကိုရီးယားနိုင်ငံ၏ စီးပွားရေးသည် အချိန်တို အတွင်း လျှင်မြန်စွာ တိုးတက်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာ ဥပဒေရေးရာ တိုးတက်ရေးတွင် မြန်မာဥပဒေသတင်းအချက်အလက်စနစ်သည် အဓိက အခန်းကဏ္ဍမှ ပါဝင်ကြောင်း ပြောကြားပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသံအမတ်ကြီး Mr. Lee Sang-hwa နှင့် ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူပေါင်းဆောင်ရွက်ရေးအေဂျင်စီမှ ဌာနကိုယ်စားလှယ် Dr.Shi Eui Cheol တို့က အမှာစကား အသီးသီး ပြောကြားကြပြီး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုလှိုင်က မြန်မာဥပဒေသတင်းအချက်အလက်စနစ် လွှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်မှုနှင့် မြန်မာဥပဒေသတင်းအချက်အလက်စနစ် လွှင့်တင်ခြင်း သရုပ်ပြမှုကို ရှင်းလင်း တင်ပြပါသည်။

အဆိုပါ မြန်မာဥပဒေသတင်းအချက်အလက်စနစ်ကို ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ Website ဖြစ်သော www.oag.gov.mm နှင့် www.mlis.gov.mm တို့မှ ကြည့်ရှုနိုင်ပြီး အင်တာနက် website အပြင် မိုဘိုင်းဖုန်းများမှလည်း ကြည့်ရှုနိုင်ပြီး၊ မြန်မာဘာသာ နှင့် သာမက အင်္ဂလိပ်ဘာသာနှင့်ပါ ၀င်ရောက်ကြည့်ရှုနိုင်သော ပြည်တွင်း ပြည်ပသို့ အခမဲ့ ၀န်ဆောင်မှု ပေးသည့် စနစ် ဖြစ်ကြောင်း သိရှိရပါသည်။

အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စု၀န်ကြီးများ၊ ဒုတိယရှေ့နေချုပ်၊ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော်၊ လွှတ်တော်ရေးရာကော်မတီများမှ ဥက္ကဋ္ဌ ၊ အတွင်း ရေးမှူးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်ထောင်စုအဖွဲ့အစည်းများ၊ ၀န်ကြီးဌာနများမှ အမြဲတမ်းအတွင်း၀န်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ကိုရီးယားသမ္မတနိုင်ငံ ဥပဒေပြု ၀န်ကြီးဌာန ၀န်ကြီးနှင့်အဖွဲ့၀င်များ၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံသံ အမတ်ကြီး၊ ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (KOICA) မှ ဌာနေကိုယ်စားလှယ်နှင့်အဖွဲ့ တိုင်းဒေသကြီး ပြည်နယ် ဥပဒေချုပ်များနှင့် တိုင်းဒေသကြီး ပြည်နယ် ဥပဒေအရာရှိများ၊ ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မိတ်ဖက်အဖွဲ့အစည်းများမှ တာ၀န်ရှိသူများ၊ အရပ်ဘက် လူမှု့အဖွဲ့အစည်းများမှ ကိုယ်စားလှယ် များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)