မျှတသော တရားစီရင်ရေးဆိုင်ရာ စံနှုန်းများစာအုပ် မိတ်ဆက်ခြင်းအခမ်းအနား ကျင်းပပြုလုပ်

နေပြည်တော်၊ မေ ၂၅

 

ယနေ့ နံနက် ၀၉:၀၀ နာရီ အချိန်က မျှတသော တရားစီရင်ရေးဆိုင်ရာ စံနှုန်းများစာအုပ်    မိတ်ဆက်ခြင်း အခမ်းအနားကို နေပြည်တော် ဟိုတယ်ဇုန်ရှိ Hilton Hotel တွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက တက်ရောက်အဖွင့်အမှာစကား ပြောကြားပါသည်။

ပြည်ထောင်စုရှေ့နေချုပ်က ယခုအခမ်းအနားဟာ ဥပဒေအရာရှိများအတွက် “မျှတသော တရားစီရင်ရေး ဆိုင်ရာစံနှုန်းများ လက်စွဲစာအုပ်” (Fair Trial Standards) ကိုမိတ်ဆက်သည့်  အခမ်းအနား ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်များတွင် တရားဥပဒေ စိုးမိုးရေးသည် အရေးကြီးသည့် အခန်းကဏ္ဍတစ်ရပ်အဖြစ် ပါဝင်ပါကြောင်း၊ တရားဥပဒေ စိုးမိုးရေးသည် ပြည်သူများ၏ ဘေးကင်းလုံခြုံရေးနှင့် အခြေခံအခွင့်အရေးများ ရရှိရန်အတွက် အုတ်မြစ်တစ်ခုဖြစ်သလို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း အဓိကကျတာကို တွေ့ရမှာ ဖြစ်ပါကြောင်း၊ တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေးဟာ ပြည်ထောင်စုအစိုးရ၏ ဦးစားပေးရည်မှန်းချက်ပန်းတိုင် တစ်ရပ်ဖြစ်ကြောင်း၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးအနေဖြင့်လည်း တရားဥပဒေ စိုးမိုးရေးဆီသို့(Moving Forward to the Rule of Law)ဟူသည့် ရည်မှန်းချက်ဖြင့် မဟာဗျူဟာ စီမံကိန်း(၂၀၁၅-၂၀၁၉ ခုနှစ်)ကို အကောင်အထည် ဖော်လျက်ရှိရာ  မြန်မာနိုင်ငံ၏ တရားမျှတမှု ကဏ္ဍပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ် တစ်ရပ်ဖြစ် သော တရားစွဲနှင့် အမှုလိုက်လုပ်ငန်းများ ဆောင်ရွက်ရာတွင် မျှတသောတရားစီရင်ရေး စံနှုန်း များ(Fair Trial Standards)ကို လိုက်နာဆောင်ရွက်ခြင်းဖြင့် တရားဥပဒေစိုးမိုးရေးကို မြှင့်တင် ရန်ဆိုသည့် ရည်မှန်းချက်နှင့်အညီ ယခုလို မျှတသော တရားစီရင်ရေးဆိုင်ရာ စံနှုန်းများ စာအုပ်ကို ပြုစုထုတ်ဝေခြင်းဖြစ်ပါကြောင်း၊ ဒီစံနှုန်းတွေဟာ တရားစီရင်ရေးဆိုင်ရာ တန်ဖိုးများဖြစ်တဲ့ လွတ်လပ်မှု၊ ဘက်မလိုက်မှု၊ သမာသမတ်ကျမှုနဲ့ တရားမျှတမှုတို့ကို အထောက်အကူဖြစ်စေ မှာဖြစ်ကြောင်း၊ ဥပဒေအရာရှိများအနေနဲ့ မျှတသော တရားစီရင်ရေးဆိုင်ရာ စံနှုန်းများကို လေ့လာ ကျင့်သုံးခြင်းဖြင့် တရားစွဲနှင့် အမှုလိုက်ဆိုင်ရာလုပ်ငန်းများကို ထိရောက်ကောင်းမွန်စွာ ဆောင်ရွက် နိုင်ခြင်း၊ လူပုဂ္ဂိုလ် တစ်ဦးချင်းစီ၏ အခွင့်အရေးများကို ဥပဒေနဲ့အညီ ကာကွယ်စောင့်ရှောက်မှု ပေးနိုင်ခြင်း၊ တရားစီရင်ရေးစနစ်အပေါ် အများပြည်သူ ယုံကြည်ကိုးစားမှု ရှိလာခြင်းတို့အပေါ် အကျိုးသက်ရောက်စေမှာဖြစ်ကြောင်း၊ နစ်နာသူများနှင့် စွပ်စွဲခံရသူများအတွက် တရားမျှတမှုရရှိ ရေးကို ဆောင်ကြဉ်းပေးနိုင်မှာဖြစ်သလို မျှတတဲ့ တရားစီရင်ရေးစနစ် ဖြစ်ထွန်းအောင်မြင်ရေး ကိုလည်း များစွာအထောက်အကူပြုနိုင်မှာဖြစ်ကြောင်း၊ ဆက်လက်ပြီး တရားစွဲနှင့် အမှုလိုက် ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုအုန်းက မျှတသော တရားစီရင်ရေးဆိုင်ရာ စံနှုန်းများ စာအုပ်တွင် ပါဝင်သော အချက်အလက်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စု၀န်ကြီးများ၊ ဒုတိယရှေ့နေချုပ်၊ မြန်မာနိုင်ငံ လူ့အခွင့် အရေးကော်မရှင်အဖွဲ့၀င်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် လွှတ်တော်ရေးရာ ကော်မတီ များမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဥပဒေရေးရာနှင့် အထူးကိစ္စ ရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့၀င်များ၊ အထူးဖိတ်ကြားထားသူများ၊ ပြည်ထောင်စုအဖွဲ့အစည်းများ၊ ၀န်ကြီးဌာနများမှ အမြဲတမ်းအတွင်း၀န်များ၊ ညွှန်ကြားရေးမှူးချုပ် များ၊ UNDP နှင့် IDLO တို့မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး/ပြည်နယ် ဥပဒေချုပ်များနှင့် ဥပဒေအရာရှိများ၊ ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မိတ်ဖက်အဖွဲ့ အစည်းများမှ တာ၀န်ရှိသူများ၊ အရပ်ဘက် လူမှု့အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)