သက်ဆိုင်ရာဌာနများက ဥပဒေရေးဆွဲပြီး ပြဋ္ဌာန်းခြင်း မပြုနိုင်သေးသည့် ဥပဒေမူကြမ်းများနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

နေပြည်တော်၊ မတ်လ ၉


ဥပဒေများပြဋ္ဌာန်းနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၉-၃-၂၀၂၁ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

အစည်းအဝေးသို့ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယရှေ့နေချုပ် ဦးစန်းလွင်၊ ဥပဒေစိစစ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဆွေဆွေအောင်နှင့် သက်ဆိုင်ရာ ပြည်ထောင်စု အဆင့်ဌာန၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် ပြည်ထောင်စုရှေ့နေချုပ်က “ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးတွင် ဥပဒေများရေးဆွဲပြီး ပြဋ္ဌာန်းခြင်း မပြုနိုင်သေးသည့် ဥပဒေများ များစွာရှိသည်ဟု သိရှိရကြောင်း၊ တက္ကသိုလ်များရှိ ဥပဒေဌာနများတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာ၊ ဆရာမများကို ထုတ်နုတ် ပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ပူးပေါင်းပြီး ဥပဒေများအမြန်ဆုံးပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်ရန်”ဟု ၈-၂-၂၀၂၁ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ စီမံခန့်ခွဲရေး အစည်းအဝေးအမှတ်စဉ် ၁/၂၀၂၁ တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက် နှင့်အညီ ယနေ့အစည်းအဝေးကို ကျင်းပခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်ကို အကောင်အထည်ဖော်နိုင်ရေးအတွက် ပြည်ထောင်စုရှေ့နေချုပ်အနေဖြင့် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအုပ်ချုပ်မှုရုံးသို့ တင်ပြခဲ့ပြီး ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တာဝန်ယူသည့်ကာလအတွင်း အရေးတကြီး ပြဋ္ဌာန်းရန်လိုအပ်သည့်ဥပဒေမျိုးကိုသာ ပြဋ္ဌာန်းနိုင်ရေးတင်ပြရန်ဖြစ်ပြီး public consultation နှင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးစဉ်းစားရမည့်ဥပဒေမျိုးကို လတ်တလော ပြဋ္ဌာန်းရန် သင့် မသင့် စဉ်းစားသင့်ကြောင်း၊ ပြဋ္ဌာန်းမည့်ဥပဒေများသည် နိုင်ငံတော်က ယခုချမှတ်ထားသောမူဝါဒများ၊ ဦးတည်ချက်များအပေါ် ထိခိုက်နိုင်ဖွယ် ရှိ မရှိ တို့ကိုအကြံပြုဆွေးနွေးပေးစေလိုကြောင်းစသည်ဖြင့် ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် ဒုတိယရှေ့နေချုပ် ဦးစန်းလွင်က သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့ အစည်းများ အနေဖြင့် လက်ရှိဥပဒေမူကြမ်းများနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးတည်ချက်(၉)ရပ်နှင့်ညီညွတ်ခြင်း ရှိ မရှိ ထည့်သွင်းစဉ်းစား၍ ခေတ်စနစ်နှင့်အညီ လတ်တလော ပြဋ္ဌာန်းရန် လိုအပ်ခြင်း ရှိ မရှိကို အစည်းအဝေးတွင် ဆွေးနွေးတင်ပြစေလိုကြောင်း ပြောကြားခဲ့ရာ သက်ဆိုင်ရာပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများမှ တာဝန်ရှိသူများက အသီးသီး ပြန်လည် ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို နေ့လည် ၁၂:၀၀ အချိန်တွင် ရပ်နားခဲ့ကြောင်း သတင်းရ ရှိပါသည်။

(သတင်းစဉ်)