နေပြည်တော် ဩဂုတ်လ ၂၁

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ(မူကြမ်း) နှင့်စပ်လျဉ်းသည့် အပြီးသတ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်၁၀:၀၀နာရီတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်ဒေါက်တာထိန်လင်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်တိုးရီ၊ ဥပဒေမူကြမ်းစိစစ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာစန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က အဖွင့်အမှာ စကားပြောကြားပြီးနောက် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်တိုးရီက ငွေကြေး ဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ (Financial Action Task Force-FATF)က ထုတ်ပြန်သည့် မြန်မာနိုင်ငံကဆောင်ရွက်ရမည့် အချက်တစ်ချက်ဖြစ်သည့် ဘဏ္ဍာရေးဆိုင်ရာအရေးယူမှုနှင့် စပ်လျဉ်းသည့်အချက်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ(မူကြမ်း)အား ရေးဆွဲခဲ့ကြောင်း၊ ဤပြင်ဆင်သည့်ဥပဒေကို ပြဋ္ဌာန်းနိုင်ပါက ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ (Financial Action Task Force – FATF)၏ ထုတ်ပြန်ချက်တစ်ချက်အား ဆောင်ရွက် အကောင်အထည်ဖော်နိုင်မည်ဖြစ်သဖြင့် မြန်မာနိုင်ငံ၏ တိုးတက်ဆောင်ရွက်မှုကို ပြသနိုင်ခြင်းဖြင့် Counter Measure စာရင်းသို့ ထည့်သွင်းမည့်အပေါ် ကျော်လွှားနိုင်ရေးအတွက် အထောက်အကူ ပြုမည်ဖြစ်ကြောင်း တင်ပြဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သောအဖွဲ့က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို ဒုတိယ အကြိမ်ပြင်ဆင်သည့်ဥပဒေ(မူကြမ်း)သည် နိုင်ငံတော်အတွက်ပြဋ္ဌာန်းရန် လိုအပ်သောဥပဒေ ဖြစ်ကြောင်း သုံးသပ်တွေ့ရှိရသဖြင့် ပြဋ္ဌာန်းနိုင်ရေး အပြီးသတ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းစဉ်
