နေပြည်တော်၊ ဇန်နဝါရီ ၁၁

အပြည်ပြည်ဆိုင်ရာဥပဒေနှင့် အာဆီယံဥပဒေရေးရာအခြေခံသင်တန်း အမှတ်စဉ်၊ ၁/၂၀၂၂ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်း အချိန်က ဥပဒေရေးရာဝန်ကြီးဌာနရှိ မြေညီထပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး တက်ရောက်ပြီး သင်တန်းဖွင့် အမှာစကား ပြောကြားသည်။
ဤသင်တန်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရ ဥပဒေ အသိပညာ ပြန့်ပွားရေးအတွက် အပြည်ပြည်ဆိုင်ရာဥပဒေနှင့် အာဆီယံဥပဒေရေးရာ အခြေခံ ဗဟုသုတများကို မျှဝေရန်ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ဝန်ကြီးဌာနအသီးသီးမှ တက် ရောက်ရန် စေလွှတ်သည့် သက်ဆိုင်ရာ ဝန်ကြီးဌာနများထံမှ အတွေ့အကြုံ ဗဟုသုတများလည်း ရလိုပါကြောင်း၊ အပြည်ပြည်ဆိုင်ရာစာချုပ်များ၊ ကွန်ဗင်းရှင်းများ၊ အာဆီယံနှင့် ဒေသဆိုင်ရာ စာချုပ်များ(Multilateral Treaty) လက်မှတ်ရေးထိုးခြင်း၊ အတည်ပြုပါဝင်ခြင်း ဆောင်ရွက်ကြ ရာတွင် လည်းကောင်း၊ နိုင်ငံခြားတိုင်းပြည်များ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် MOU၊ MOA များ လက်မှတ်ရေးထိုး ဆောင်ရွက်ခြင်း(Bilateral Treaty)တွင် လည်းကောင်း၊ ယင်းစာချုပ်များအား လက်မှတ်ရေးထိုးခြင်း မပြုမီ ဤဝန်ကြီးဌာနသို့ ဥပဒေ သဘောထားမှတ်ချက်များ တောင်းခံသည့်အခါ ဝန်ကြီးဌာနအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု အဆင်ပြေချောမွေ့ရန်ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာန၏ မဟာဗျူဟာ စီမံကိန်း (၂၀၂၀ -၂၀၂၄)မှာ အရည်အသွေး ပြည့်မီတဲ့ ဥပဒေအကြံဉာဏ် ပေးနိုင်ရေးသည် ဥပဒေရေး ရာဝန်ကြီးဌာန၏ ရည်မှန်းချက်ပန်းတိုင် တစ်ခုဖြစ်ကြောင်း၊ အဆိုပါ ရည်မှန်းချက်ပန်းတိုင် အကောင် အထည်ဖော်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ် ကြောင်း၊ ဤသင်တန်းသည် အခြေခံသင်တန်း ဖြစ်သော်လည်း သင်တန်းကရရှိမည့် အတွေ့အကြုံ ဗဟုသုတများကို မိမိတို့ဌာနတွင် ပြန်လည်မျှဝေသင်ကြား ပေးနိုင်ဖို့ Training of Trainers(ToT) အနေနဲ့ သင်ကြားခြင်းဖြစ်ကြောင်း၊ ဆက်လက်၍ အဆင့်မြင့်သင်တန်းများ ဖွင့်နိုင်ရန် ကြိုးစား သွားမည်ဖြစ်ကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနသည် ပြည်ထောင်စုရှေ့နေချုပ်ဥပဒေပုဒ်မ ၁၂(ဌ) အရ နားလည်မှု စာချွန်လွှာများ၊ သဘောတူညီချက် မှတ်တမ်းများ၊ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စာချုပ်စာတမ်းများ၊ အခြားစာချုပ်စာတမ်းများနှင့် စပ်လျဉ်း၍ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများအား ဥပဒေအကြံဉာဏ်ပေးခြင်းဟု ပြဋ္ဌာန်းထားပါကြောင်း စသည်ဖြင့် ပြောကြားခဲ့ကြောင်း သိရှိရသည်။
သင်တန်းကာလမှာ ၇ ရက် ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာဥပဒေနှင့် စပ်လျဉ်းသည့် အခြေခံ စည်းမျဉ်းများ၊ ကုလသမဂ္ဂပဋိညာဉ်စာတမ်း၊ အာဆီယံပဋိညာဉ်စာတမ်း၊ ကွန်ဗင်းရှင်းများ၊ နှစ်နိုင်ငံ သဘောတူစာချုပ်များ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး သဘောတူစာချုပ်များ အကြောင်း၊ ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေး အခြေအနေကို ပုံမှန်သုံးသပ်သည့် လုပ်ငန်းစဉ်(UPR Process)များ အားဆွေးနွေးပို့ချမည့်အပြင် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ဝန်ကြီးဌာန များက လက်မှတ်ရေးထိုး ဆောင်ရွက်လေ့ရှိကြသည့် MOU၊ MOA များကို ဥပဒေကြောင်းအရ စိစစ်ခြင်းအား လက်တွေ့လေ့ကျင့်ခန်းများ ပြုလုပ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဦးစန်းလွင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းဆရာ၊ ဆရာမများနှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနတို့မှ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြကြောင်း သိရှိရသည်။
(သတင်းစဉ်)
