နေပြည်တော် ဇန်နဝါရီ ၁၇

ယနေ့ နံနက်ပိုင်းက တရားလွှတ်တော်ရှေ့နေများကောင်စီ၏ ပထမအကြိမ် အစည်းအဝေး အမှတ်စဉ်- ၁/၂၀၂၂ ကို နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ နေပြည်တော် အားကစား လေ့ကျင့်ရေးစခန်း၊ Cluster–1, တိုက် အမှတ်(၆)ရှိ တရားလွှတ်တော်ရှေ့နေများ ကောင်စီရုံးတွင် COVID– 19 ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ Social Distancing နှင့်အညီ ကျင်းပပြုလုပ် ပါသည်။
အစည်းအဝေးတွင် ဥပဒေရေးရာဝန်ကြီးဌာန၊ တရားလွှတ်တော်ရှေ့နေများကောင်စီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက တရားလွှတ်တော်ရှေ့နေများ ကောင်စီဥပဒေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်စွဲပါ ဥပဒေအမှတ်- ၆၁/၂၀၂၁ ဖြင့် ပြင်ဆင်ပြဌာန်းခဲ့ပြီး၊ ယင်းဥပဒေနှင့်အညီ တရားလွှတ်တော်ရှေ့နေများ ကောင်စီကို ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း၊ တရားလွှတ်တော်ရှေ့နေများကောင်စီ အဖွဲ့ဝင်များအနေဖြင့် နိုင်ငံရေးကင်းရှင်းစွာ ပြည်သူ့အကျိုးကို ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်ပေးနိုင်မှာဖြစ်ကြောင်း၊ တရားလွှတ်တော်ရှေ့နေများကောင်စီ၏ အဓိကလုပ်ငန်း စဉ်များတွင် တရားလွှတ်တော်ရှေ့နေများ အပေါ်တိုင်ကြားသည့် တိုင်ကြားစာများကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ လိုအပ်သလို အရေးယူဆောင်ရွက်နိုင်စေရန် စိစစ်ပြီး လွှဲပြောင်းပေးသင့်သော တိုင်ကြားစာများကို လွှဲပြောင်းပေး ကြောင်း၊ တရားလွှတ်တော်ရှေ့နေများ၏ ရှေ့နေကျင့်ဝတ် ဖောက်ဖျက်မှုနဲ့ စပ်လျဉ်း၍ တရား လွှတ်တော်ရှေ့နေများကောင်စီ အက်ဥပဒေပုဒ်မ ၁၀(၁)အရ ထိုက်သင့်သည့် အရေးယူမှု ပြုလုပ်ရန် သင့်- မသင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က သဘောထား တောင်းခံသည့် ကိစ္စရပ်များ၌ တရား လွှတ်တော်ရှေ့နေများကောင်စီ ဥက္ကဋ္ဌ ဦးဆောင်၍ မျက်နှာစုံညီ အစည်းအဝေးများ ကျင်းပပြုလုပ်ပြီး ရှေ့နေရှေ့ရပ်များ၏ ကျင့်ဝတ် သိက္ခာ၊ တာဝန်၊ အခွင့်အရေး များနှင့်အညီ ထိုက်သင့်သော ပြစ်ဒဏ်များ သဘောထား ပြန်ကြားရကြောင်း၊ တရားလွှတ်တော်ရှေ့နေအဖြစ် စာရင်းတင်သွင်းခွင့်ပြုရန် လျှောက်ထားလာသော လျှောက်လွှာများကို တရားလွှတ်တော်ရှေ့နေများကောင်စီက ကန့်ကွက်ရန် ရှိ-မရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က သဘောထား တောင်းခံသည့် ကိစ္စကိုလည်း တရား လွှတ်တော်ရှေ့နေများကောင်စီ Enroll စိစစ်ရေးအဖွဲ့ ဖွဲ့စည်း၍ ဝင်ခွင့် နည်းဥပဒေနှင့်အညီ ကန့်ကွက်ရန် မရှိက မရှိကြောင်း သဘောထား ပြန်ကြားပေးခြင်း ပြုလုပ်ရကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။ မျက်နှာစုံညီ အစည်းအဝေးများ ကျင်းပပြုလုပ်နိုင်ခြင်း မရှိသည့် COVID–19 ကာကွယ် ထိန်းချုပ်နေသည့် ကာလတွင် ကောင်စီဝင်တစ်ဦး ချင်းစီကို E-Mail ဖြင့် သဘောထားမှတ်ချက် တောင်းခဲ့ပါကြောင်း၊ အဲဒီကောင်စီဝင် တစ်ဦးချင်းစီက ပေးပို့လာသော သဘောထားမှတ်ချက်(အများစု) ကို အတည်ပြုပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို သဘောထား ပြန်ကြားပေးရကြောင်း၊ ကောင်စီဝင်တစ်ဦးချင်းစီက ပေးပို့လာသော သဘောထား မှတ်ချက်တွေမှာ တူညီနေရင် မိမိက ဆုံးဖြတ်ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို သဘောထား ပြန်ကြားပေးကြောင်း၊ တရားလွှတ်တော် ရှေ့နေစာရင်းမှ ပယ်ဖျက်ခြင်းခံရသူတွေ၊ တရားလွှတ်တော် ရှေ့နေအဖြစ် အမှုလိုက်ပါ ဆောင်ရွက် ခွင့်ကို (၁) နှစ်၊ (၂) နှစ်၊ (၃) နှစ်၊ (၅) နှစ် စသဖြင့် နှစ်အလိုက် ဆိုင်းငံ့ခြင်း ခံရသူတွေမှာ တရားလွှတ်တော်ရှေ့နေအဖြစ် အမှုပြန်လည်လိုက်ပါ ဆောင်ရွက်ခွင့်ပြုဖို့ အသနားခံ တင်ပြစာများရှိ ကြောင်း၊ ထိုကိစ္စကို အစည်းအဝေးမှာ ဆွေးနွေးညှိနှိုင်းပြီး အသနားခံ တင်ပြစာများကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ လွှဲပြောင်းပေးခြင်း ဆောင်ရွက်ရကြောင်း၊ ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးမှာ တာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းများနဲ့ ရန်ကုန်အဝေးသင်တက္ကသိုလ် ဥပဒေ ပညာဌာနမှ Online နှင့် ဖွင့်လှစ် သင်ကြားသော ဘွဲ့လွန်ဥပဒေပညာ ဒီပလိုမာ သင်တန်း(Post Graduate Diploma in Law) အောင်မြင်သူများက တရားလွှတ်တော်ရှေ့နေအဖြစ် စာရင်းတင်သွင်း ခွင့်ပြုရန် လျှောက်ထားမှုများကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က မိမိတို့ ကောင်စီကို သဘော ထားတောင်းခံသည့် ကိစ္စများတွင် တရားလွှတ်တော်ရှေ့နေ ဝင်ခွင့်အချက်များနဲ့ ညီညွတ်ခြင်း ရှိ၊ မရှိ စိစစ်လေ့လာပြီး ဝင်ခွင့်နည်းဥပဒေများနှင့်အညီ ကန့်ကွက်ရန်မရှိက ကန့်ကွက်ရန်မရှိကြောင်း သဘောထား ပြန်ကြားဆောင်ရွက်ပေးကြောင်း၊ ပြည်ထောင်စုဝန်ကြီးဌာန၊ အစိုးရအဖွဲ့အစည်းများက လွှဲပြောင်း ပေးပို့လာသော တရားလွှတ်တော်ရှေ့နေများအပေါ် တိုင်ကြားလာသော တိုင်ကြားစာများ နှင့်စပ်လျဉ်းပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နိုင်ဖို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို တိုင်ကြားစာများ လွှဲပြောင်းပေး ပို့ဖို့ အတည်ပြုပေးရကြောင်း ပြောကြားသည်။
အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန၊ တရားလွှတ်တော်ရှေ့နေများကောင်စီ ဥက္ကဋ္ဌနှင့် အတူ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့်၊ တရားလွှတ်တော် ရှေ့နေများကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဥပဒေရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ဒုတိယ ရှေ့နေချုပ် ဦးစန်းလွင်၊ တရားလွှတ်တော်ရှေ့နေများ ဖြစ်ကြသော ဦးမြသိန်း၊ ဒေါ်ခင်နုသာ၊ ဦးလှဟန်၊ ဦးစိုးမြင့်၊ ဦးစိုးသိန်း၊ ဦးဝင်းဖေ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုတရားစီရင်ရေး ကြီးကြပ်မှုရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်နွယ်စိုးနှင့် ကောင်စီအတွင်းရေးမှူး ဥပဒေရေးရာဝန်ကြီး ဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီသီမြင့်တို့ တက်ရောက်ကြောင်းသိရသည်။
(သတင်းစဉ်)
