နေပြည်တော်၊ ဩဂုတ် ၂၆

အမေရိကန်သံရုံးမှ ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ Distance Learning Capacity အတွက်အထောက်အကူပြုပစ္စည်းများပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၁:၃၀ နာရီ အချိန်တွင်ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် အမေရိကန်သံရုံးမှ သံရုံးယာယီတာဝန်ခံ Mr. George Sibley က Distance Learning Capacity အတွက် အထောက်အကူပြု ပစ္စည်းများ ထောက်ပံ့ ရသည့်ရည်ရွယ်ချက်နှင့် ရှေ့ဆက်ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ပြောကြားပြီးပြည်ထောင်စုရှေ့နေချုပ်က ယင်းအထောက်အကူပြု ပစ္စည်းများသည် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ Distance Learning Capacity ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အပံ့ဖြစ်ပါကြောင်း၊ အထူးသဖြင့် Covid-19 ကူးစက်ရောဂါ ထိန်းချုပ်ကာလအတွင်း ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ လုပ်ငန်းများနှင့် ဥပဒေအရာရှိများ အရည်အသွေး မြှင့်တင်ရေးအတွက် အလွန်အသုံးဝင်ပါကြောင်း၊ ယင်းပစ္စည်းများသည် Covid-19 အလွန် ကာလတွင်လည်း ဥပဒေအရာရှိများ အရည်အသွေး မြှင့်တင်ရာတွင် အဝေးရောက် သင်ကြားရေးစနစ်ကို အထောက်အကူပြုပါကြောင်း၊ ဥပဒေအရာရှိများ၏ အရည်အသွေး မြှင့်တင်ရေးတွင် နည်းပညာဆိုင်ရာ အထောက်အပံ့များသာမက ယခုကဲ့သို့ ရုပ်ပိုင်းဆိုင်ရာ အထောက်အပံ့ များအား အမေရိကန်သံရုံးမှ ထောက်ပံ့ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ အဆိုပါပစ္စည်းများကို နေပြည်တော်အပြင် တောင်ကြီး၊ လွိုင်ကော်၊ မကွေး၊ ဟားခါး၊ ဘားအံ၊ ထားဝယ်၊ စစ်တွေ စသောမြို့များရှိ တိုင်းဒေသကြီးနှင့် ပြည်နယ် ဥပဒေချုပ်ရုံးများသို့ ထောက်ပံပေးအပ်သည့် အတွက်လည်း ကျေးဇူးတင်ရှိပါကြောင်း ထပ်လောင်းပြောကြားခဲ့ ပါသည်။
အဆိုပါ အခမ်းအနားတွင် အမေရိကန်သံရုံးမှ ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ အမေရိကန်ဒေါ်လာ သုံးသောင်းခန့် တန်ဖိုးရှိ Distance Learning Capacity အထောက် အပံ့ပစ္စည်း (၈)မျိုးကို ပေးအပ်ခဲ့ပြီး အခမ်းအနားသို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် အမေရိကန် သံရုံးတို့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။
(သတင်းစဉ်)
