အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများ သဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းစီမံချက် ရေးဆွဲရေးဆိုင်ရာ ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

နေပြည်တော်၊ ဇန်နဝါရီလ ၂၉

 

       အမျိုးသားမြေဥပဒေရေးဆွဲပြုစုရေးနှင့် မြေစီမံခန့်ခွဲမှုဆိုင်ရာဥပဒေများ သဟဇာတဖြစ်ရေး လုပ်ငန်းကော်မတီ၏ လုပ်ငန်းစီမံချက် ရေးဆွဲရေးဆိုင်ရာ ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက Royal Naypyitaw ဟိုတယ်၌ ကျင်းပပြုလုပ်ပါသည်။

          အဆိုပါ အခမ်းအနားသို့ လုပ်ငန်းကော်မတီ၏ ဒုတိယဥက္ကဌ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်က တက်ရောက်အဖွင့် အမှာစကားပြောကြားရာတွင် အမျိုးသားမြေ အသုံးချမှုကောင်စီ၏ လုပ်ငန်း တာဝန်များတွင် “အမျိုးသားမြေ အသုံးချမှုမူဝါဒနှင့်အညီ အမျိုးသားမြေ ဥပဒေရေးဆွဲရန်  ဆောင်ရွက်ခြင်း” ပါဝင်ပါကြောင်း၊ အမျိုးသားမြေ ဥပဒေရေးဆွဲပြုစုရေးကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၉၊ ၂၀ ရက်နေ့များတွင် လုပ်ငန်းကော်မတီ၏ လုပ်ငန်းစီမံချက် ရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့ပါကြောင်း၊ ယင်းအလုပ်ရုံ ဆွေးနွေးပွဲတွင် ဆွေးနွေးချက်များအရ လုပ်ငန်းစီမံချက် ရေးဆွဲရေးအတွက် ခေါင်းစဉ် ၂၅ ခု အပေါ် ခေါင်းစဉ်တစ်ခုချင်းအလိုက် တာဝန်ရှိမှုများ၊ ဆောင်ရွက်ရန်များကို ဆွေးနွေးခဲ့ပါကြောင်း၊ ယခုကျင်းပမည့် အလုပ်ရုံဆွေးနွေးပွဲသည် ယခင်အလုပ်ရုံဆွေးနွေးပွဲက မပြီးပြတ်ခဲ့သော လုပ်ငန်းစီမံချက်ကို အပြီးသတ်ရေးဆွဲနိုင်ရေးအတွက် ကျင်းပရခြင်းဖြစ်ပါကြောင်း၊ အမျိုးသားမြေ အသုံးချမှုမူဝါဒအရ အမျိုးသားမြေ ဥပဒေရေးဆွဲရာ၌  အများပြည်သူ ပူးပေါင်းပါဝင် ညှိနှိုင်း ဆွေးနွေးမှုလုပ်ငန်းစဉ်ကို အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း၊  အမျိုးသားမြေဥပဒေ ရေးဆွဲရာတွင် အကျိုးသက်ဆိုင်သူများ အပါအဝင် ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ရန်လိုအပ်ကြောင်း၊ ယခု Work plan ရေးဆွဲရာတွင်လည်း မူဝါဒနှင့်အညီ ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ဤအလုပ်ရုံ ဆွေးနွေးပွဲ၏ ဆွေးနွေးမှု ရလဒ်များသည် အမျိုးသားမြေဥပဒေ ရေးဆွဲနိုင်ရေးအတွက် များစွာ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

          အလုပ်ရုံဆွေးနွေးပွဲသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး၊ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်၊ လုပ်ငန်းကော်မတီဝင်များနှင့် အထောက်အကူပြု လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်များ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ လွှတ်တော်ကိုယ်စားလှယ်များ၊ နည်းပညာအကြံပေး အဖွဲ့ဝင်များနှင့် အရပ်ဖက် လူမှုအဖွဲ့အစည်း များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး အဆိုပါဆွေးနွေးပွဲကို ဇန်နဝါရီ ၃၀ အထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရပါသည်။

                                                                                                           (သတင်းစဉ်)