နေပြည်တော်၊ ဇန်နဝါရီလ ၃၀

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms. Christine Schraner Burgener နှင့် ကိုယ်စား လှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၁၄:၀၀ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံစဉ် ရခိုင်ပြည်နယ် ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ ဖွဲ့စည်းထားသည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (Independent Commission of Enquiry -ICOE) ၏ အစီရင်ခံစာပါ အကြံပြုချက်များအား အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ၊ ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန် သုံးသပ်သည့်လုပ်ငန်းစဉ် (UPR)နှင့်စပ်လျဉ်း၍ တတိယအကြိမ်အစီရင်ခံစာ တင်သွင်းရေးဆိုင်ရာ လုပ်ငန်းစဉ်များ၊ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ် ဖြစ်ပေါ်တိုးတက်မှုများ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ် ရေးဥပဒေကြမ်းကို လွှတ်တော်သို့ တင်ပြထားရှိမှုအခြေအနေနှင့် ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ဥပဒေပြဌာန်းပြီးနောက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများ ကို ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာ သီတာဦးနှင့် ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုအုန်းတို့ တက်ရောက်ခဲ့ကြပါသည်။
(သတင်းစဉ်)
