အာဆီယံပါလီမန်များညီလာခံ(ASEAN Inter-Parliamentary Assembly-AIPA)နှင့် နိုင်ငံတကာပါလီမန်များ ညီလာခံ(Inter-Parliamentary Union Assembly- IPU) ဆက်စပ်အစည်းအဝေးများ နှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်၊  မေလ  ၁၀

ဘရူနိုင်းဒါရူဆလမ် ဥပဒေပြုကောင်စီက ၂၄-၅-၂၀၂၁ ရက်နေ့တွင်ပြုလုပ်မည့် 4th AIPACODD Meeting ၊ စင်ကာပူပါလီမန်က ၁၆-၆-၂၀၂၁ ရက်နေ့တွင် ပြုလုပ်မည့် 12th AIPA Caucus အစည်းအဝေး နှင့် ၂၄-၅-၂၀၂၁ မှ ၂၇-၅-၂၀၂၁ ရက်နေ့အထိ ပြုလုပ်မည့် ၁၄၂ ကြိမ်မြောက် နိုင်ငံတကာပါလီမန်များအဖွဲ့ညီလာခံ ( 142nd Inter-Parliamentary Union Assembly- IPU)နှင့် ဆက်စပ်အစည်းအဝေးများကို Video Conferencing စနစ်ဖြင့် ဆောင်ရွက်မည်ဖြစ်ရာ အဆိုပါအစည်းအဝေးများနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ မေလ ၁၀ ရက်နေ့ မွန်းလွဲ ၁၄း၀၀ နာရီတွင် ကျင်းပ ခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုရှေ့နေချုပ်၊ ဒေါက်တာသီတာဦး တက်ရောက်အမှာစကား ပြောကြားခဲ့ပြီး ဒုတိယရှေ့နေချုပ် ဦးစန်းလွင်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့်  နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ  တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် AIPA နှင့် IPU ဆက်စပ်အစည်းအဝေးများသို့ သက်ဆိုင်ရာ ဌာနအသီးသီးမှ တာဝန်ရှိသူများ ပါဝင်သည့်  မြန်မာကိုယ်စားလှယ်အဖွဲ့အနေဖြင့် ကဏ္ဍအလိုက် ပါဝင်တက်ရောက်နိုင် ရေးနှင့် အစည်းအဝေးနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

4th AIPACODD Meeting နှင့် 12th AIPA Caucus များသို့ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်နိုင်ပါရန် ဖိတ်ကြားလာသည့်အပေါ် ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထောင်စုလွှတ်တော်ရုံး၊ ပြည်ထဲရေး ဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များ တက်ရောက်မည်ဖြစ်ပြီး IPU နှင့် ဆက်စပ် အစည်းအဝေးများသို့ ဆက်လက်တက်ရောက်နိုင်ရေးအတွက် မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့  အမည်စာရင်းအား ပေးပို့ထားကြောင်း သိရှိရပါသည်။

 (သတင်းစဉ်)