ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ စီးပွားရေးစာချုပ်စာတမ်းများ စိစစ်ခြင်းဆိုင်ရာ အခြေခံသင်တန်း အမှတ်စဉ်၊ ၁/၂၀၂၁ သင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်

နေပြည်တော်၊  မေ  ၁၀

 

ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ စီးပွားရေးစာချုပ်စာတမ်းများ စိစစ်ခြင်းဆိုင်ရာ အခြေခံ သင်တန်း အမှတ်စဉ်၊ ၁/၂၀၂၁ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁၃:၀၀ နာရီ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိ မြေညီထပ် အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ရာ အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။

ယင်းသို့ ပြောကြားရာတွင် ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းမှာ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ တရားမျှတရေးအတွက် ဥပဒေဝန်ဆောင်မှု မဟာဗျူဟာစီမံကိန်း(၂၀၂၀-၂၀၂၄)၏ ပန်းတိုင် (၂) ရည်မှန်းချက် ၂၊ ၁ နှင့်အညီ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဦးစီးဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော အရာရှိများအနေဖြင့် စီးပွားရေးစာချုပ်စာတမ်းများ စိစစ် ခြင်းဆိုင်ရာ ကိစ္စရပ်များကို သိရှိနားလည်ပြီး စီးပွားရေးစာချုပ်စာတမ်းများ စိစစ်အကြံပြု ရာတွင် ပိုမိုထိရောက်သည့် ဥပဒေအကြံဉာဏ်များကို အချိန်နှင့်တစ်ပြေးညီ ပေးနိုင်ရန်နှင့် အရည်အသွေးပြည့်မီသော ဥပဒေအကြံဉာဏ်ပေးနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ယခုသင်တန်းသည် နိုင်ငံတော်အစိုးရအဖွဲ့အစည်းများနှင့် ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံ သူများအကြား ချုပ်ဆိုမည့်စာချုပ်များကို စိစစ်ရာ၌ မလိုလားအပ်သည့် အချိန်ကြန့်ကြာမှုများ လျော့ကျပြီး ပိုမိုမြန်ဆန်သော လုပ်ငန်းစဉ်ဖြင့် ထိရောက်စွာ စိစစ်နိုင်ရေး၊  အရည်အသွေး ပြည့်မီသော ဥပဒေအကြံဉာဏ်ပေးနိုင်ရေးတို့အတွက် များစွာအထောက်အကူဖြစ်စေမည်ဟု ယုံကြည်ပါကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးသည် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရား စီရင်ရေးနယ်ပယ် သုံးရပ်လုံးတွင် ပါဝင်ဆောင်ရွက်ရသော အဖွဲ့အစည်းဖြစ်သည် နှင့်အညီ လုပ်ငန်းတာဝန်များကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဥပဒေရုံး အဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်နေကြသူများ၏ တစ်ဦးချင်းအရည်အသွေးမြှင့်တင်ခြင်း၊ ဌာနတွင်း ပူးပေါင်း ဆောင်ရွက်မှုများ အားကောင်းစေရန်ဆောင်ရွက်ခြင်း၊ မိတ်ဖက် အဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက်ခြင်းတို့ကို ပြုလုပ်လျက်ရှိကြောင်း၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံးအနေဖြင့် နိုင်ငံတော်အစိုးရအဖွဲ့အစည်းများနှင့် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံသူများ၊ ကုမ္ပဏီများ၊ အဖွဲ့အစည်းများအကြား ယုံကြည်စိတ်ချမှု၊ စီးပွားရေး လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဥပဒေရေးရာ ခိုင်မာမှုများရရှိစေရန် ချုပ်ဆိုသည့် စီးပွားရေး စာချုပ်စာတမ်းများအပေါ်တွင် နှစ်ဦးနှစ်ဖက် နစ်နာမှုများ မရှိစေရေးအတွက် တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စိစစ်သုံးသပ် အကြံပြုပြန်ကြား ပေးရကြောင်း၊ စီးပွားရေး လုပ်ငန်းစာချုပ်များမှာ လုပ်ငန်းသဘောသဘာဝအပေါ် မူတည်၍ စာချုပ်အမျိုးအစား အမျိုးမျိုး ကွဲပြားနိုင်ကြောင်း၊ ယခုသင်တန်းသို့ တက်ရောက်သည့် ဥပဒေအရာရှိများအနေဖြင့် စီးပွားရေး စာချုပ်စာတမ်းများ စိစစ်ခြင်းဆိုင်ရာ ဥပဒေအခြေခံ သဘောတရားများကို သိရှိနားလည် ခြင်းအားဖြင့်  မိမိတို့၏ အရည်အသွေးများ ပိုမိုတိုးတက် မြင့်မားလာစေမည် ဖြစ်သောကြောင့် ယခုသင်တန်းကို သေချာမှတ်သား၍ လေ့လာရန် တိုက်တွန်းလိုပါကြောင်း စသည်ဖြင့် ပြောကြားပါသည်။

အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ဒုတိယရှေ့နေချုပ် ဦးစန်းလွင်၊ ညွှန်ကြားရေး မှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် သင်တန်းသား/ သင်တန်းသူများ စုံညီစွာတက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ရက်သတ္တပတ် တစ်ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

 (သတင်းစဉ်)