အွန်လိုင်းငွေကြေးလိမ်လည်မှုအကြောင်း ဥပဒေရေးရာသိကောင်းစရာ အသိပညာမျှဝေပွဲ ဥပဒေရေးရာဝန်ကြီးဌာနတွင် ကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ ၄

ဥပဒေရေးရာဝန်ကြီးဌာန၊ မြေညီထပ်အစည်းအဝေးခန်းမတွင် ယနေ့ နေ့လယ် ၁ နာရီက အွန်လိုင်းငွေကြေးလိမ်လည်မှုအကြောင်း ဥပဒေရေးရာသိကောင်းစရာများနှင့်စပ်လျဉ်း၍ အသိပညာ မျှဝေပွဲ အခမ်းအနားကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦး တက်ရောက်သည်။

အဆိုပါအခမ်းအနားသို့ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ ဥပဒေရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများအပါအဝင် အရာထမ်းအမှုထမ်း စုစုပေါင်း ၂၀၀ ဦးခန့် တက်ရောက်ကြသည်။

တရားစွဲနှင့်အမှုလိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မင်းအောင်က အွန်လိုင်း ငွေကြေးလိမ်လည်မှုအကြောင်း သိကောင်းစရာများဆွေးနွေးတင်ပြရာတွင် အသိပညာမျှဝေပွဲ ကျင်းပ ရသည့်အကြောင်းရင်း၊ တွေ့ရှိရသည့် အွန်လိုင်းအသုံးပြုမှု လိမ်လည်မှုပုံစံများ၊ အွန်လိုင်း အသုံးပြု ငွေကြေးလိမ်လည်မှု ဖြစ်စဉ်နမူနာများ၊ အွန်လိုင်းအသုံးပြုငွေကြေးလိမ်လည်မှု မခံရစေရေးအတွက် ဆောင်ရန် ရှောင်ရန်များ၊ လိမ်လည်ခံရပါက ဆောင်ရွက်နိုင်သည့် လုပ်ငန်းစဉ်များကို ရှင်းလင်း ဆွေးနွေးတင်ပြပါသည်။

အဆိုပါရှင်းလင်းဆွေးနွေးချက်များအရ မိမိ၏ Online Banking Account , Pay Account (K Pay, AYA Pay, Wave Payစသည်) တို့မှ ငွေကြေးလိမ်လည်ရယူခံရမှု မရှိစေရေးအတွက် မိမိမသိ သောသူ၊ မိမိနှင့် သိသူဟုဟန်ဆောင်သူက ပေးပို့သော Links များသို့ ဝင်ရောက်ခြင်း၊ Applications များကို Download ပြုလုပ်ခြင်း၊ မိမိ၏ User Name, Password, OTP Code တို့ကို ပေးပို့မျှဝေခြင်း မပြုရန် လိုအပ်ကြောင်း၊ Online တွင် အရောင်းအဝယ်ပြုလုပ်ခြင်း၊ ရင်းနှီးမြှုပ်နှံခြင်းတို့အတွက် ငွေပေးချေရာတွင် ငွေလက်ခံရယူမည့်သူနှင့်ပတ်သက်၍ စိစစ်သတိပြုရန် လိုအပ်ကြောင်း၊ ငွေလက်ခံ ရယူမည့်သူသည် အမှန်တကယ် အရောင်းအဝယ်ပြုလုပ်သူ၊ ရင်းနှီးမြှုပ်နှံခြင်းလုပ်ငန်း လုပ်ကိုင်သူ အစစ်အမှန်မဟုတ်ပါက လွှဲပြောင်းသောငွေ ဆုံးရှုံးမှုဖြစ်ပေါ်နိုင်ကြောင်း၊ အွန်လိုင်းငွေကြေး လိမ်လည်သူများသည် အခြားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်ဖြင့် မှတ်ပုံတင်ထားသော Sim Card၊ အခြားသူ၏နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ အခြားသူ၏အမည်ဖြင့် လိမ်လည်မှတ်ပုံတင် ထားသော ဖုန်းအမှတ်ဖြင့် ဖွင့်လှစ်ထားသည့် Pay Account (K Pay, AYA Pay, Wave Payစသည်)ကို အသုံးပြု၍ လိမ်လည်ရယူလေ့ရှိသဖြင့် မိမိ၏နိုင်ငံသားစိစစ်ရေးကတ်ပြား၊ မိမိအမည်ဖြင့် မှတ်ပုံတင် ထားသော Sim Card ၊ မိမိအမည်ဖြင့် ရေးဖွင့်ထားသော Account တို့၏ လုံခြုံရေးကို ဂရုပြုထိန်းသိမ်း ရန်လိုအပ်ကြောင်း၊ မိမိအမည်ဖြင့် မှတ်ပုံတင်ထားသော Sim Card, Account တို့ကို ပြန်လည် ရောင်းချခြင်းကြောင့် အွန်လိုင်း ငွေကြေး လိမ်လည်သူက လိမ်လည်ရသူသည့်ဖြစ်စဉ်တွင် အရေးယူ ခံရနိုင်သည်ကို သတိပြုရန် လိုအပ်ကြောင်း၊ အွန်လိုင်းငွေကြေးလိမ်လည်ခံရပါက သက်ဆိုင်ရာ ရဲစခန်းနှင့် ဘဏ်၏ Hot Line ဖုန်းနံပါတ်သို့ ချက်ခြင်းအသိပေးတိုင်တန်းရန် လိုအပ်ကြောင်း အသိပညာမျှဝေခဲ့သည်ဟု သိရှိရပါသည်။

အဆိုပါ အသိပညာမျှဝေခြင်းသည် လက်ရှိအခြေအနေနှင့် လျော်ကန်မှု ရှိပါသဖြင့် ဥပဒေရေးရာဝန်ကြီးဌာနမှ ကျန်ရှိသော ဝန်ထမ်းများအပြင် ဌာနဆိုင်ရာအသီသီးရှိ အရာထမ်း၊ အမှု ထမ်းများကိုလည်း အွန်လိုင်းငွေကြေးလိမ်လည်မှုအကြောင်း ဥပဒေရေးရာသိကောင်းစရာများ ဆက်လက်မျှဝေမည့် အစီအစဉ်များ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

(သတင်းစဉ်)