နေပြည်တော်၊ ဒီဇင်ဘာ ၃

တရားလွှတ်တော်ရှေ့နေများကောင်စီအစည်းအဝေးအမှတ်စဉ် ၂/၂၀၂၅ ကို နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း၊ Cluster – 1, တိုက်အမှတ် (၆) ရှိ တရားလွှတ်တော်ရှေ့နေများကောင်စီရုံး၌ ၃-၁၂-၂၀၂၅ (ဗုဒ္ဓဟူးနေ့) နံနက် ၀၉:၃၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ပါသည်။
အစည်းအဝေးတွင် တရားလွှတ်တော်ရှေ့နေအဖြစ် စာရင်းတင်သွင်းခွင့်ပြုရန် လျှောက်ထား သည့် အထက်တန်းရှေ့နေ ၃၇၁ ဦးအား တရားလွှတ်တော်ရှေ့နေများကောင်စီက ကန့်ကွက်ရန် ရှိ/မရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ သဘောထားတောင်းခံသည့်ကိစ္စ၊ ရှေ့နေကျင့်ဝတ် ဖောက်ဖျက်သည့် တရားလွှတ်တော်ရှေ့နေ ၃၁ ဦးအပေါ် တရားလွှတ်တော်ရှေ့နေများကောင်စီ အက်ဥပဒေပုဒ်မ ၁၀ (၁) အရ ထိုက်သင့်သည့် အရေးယူမှုပြုလုပ်ရန် သင့်၊ မသင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ သဘောထားတောင်းခံသည့်ကိစ္စ၊ တရားလွှတ်တော်ရှေ့နေ ၄ ဦးက ဘဏ်ရှေ့နေခန့်ထားနိုင်ရေး အကျင့်စာရိတ္တကောင်းမွန်ကြောင်း ထောက်ခံပေးနိုင်ပါရန် လျှောက်ထားသည့်ကိစ္စ၊ ရှေ့နေရှေ့ရပ်များအကြား ဥပဒေရေးရာစကားဝိုင်း(၁) ပြုလုပ်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်းကိစ္စ၊ ၁၉၅၄ ခုနှစ်၊ တရားလွှတ်တော်ရှေ့နေများအဖြစ် ဝင်ခွင့် နည်းဥပဒေများ၊ နည်းဥပဒေ ၁ (ခ)၊ နည်းဥပဒေ ၈ နှင့် နည်းဥပဒေ ၁၅ တို့ကို ပြင်ဆင်နိုင်ရေးကိစ္စ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ လွှဲပြောင်းပေးပို့ခဲ့သည့် တိုင်ကြားစာများအား မှတ်တမ်း တင်ရန်ကိစ္စ၊ တရားလွှတ်တော်ရှေ့နေအဖြစ် အမှုလိုက်ပါဆောင်ရွက်ခြင်းကို ပြင်းထန်စွာ သတိပေးခြင်း၊ ဆိုင်းငံ့ခြင်း၊ ပယ်ဖျက်ခြင်းကိစ္စရပ်များ အမိန့်မိတ္တူများနှင့်စပ်လျဉ်း၍ မှတ်တမ်း တင်ရန်ကိစ္စ၊ ရုံးအဆောက်အဦ၏ Aprion နှင့် သွပ်မိုးအောက်ရှိ ရေထွက်လိုင်းများ ပြင်ဆင်ထားရှိမှု အခြေအနေတင်ပြခြင်းကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်း ဆုံးဖြတ်ခဲ့ကြပါသည်။
အဆိုပါအစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ်၊ တရားလွှတ်တော်ရှေ့နေများကောင်စီဥက္ကဋ္ဌ ဒေါက်တာသီတာဦး ဦးဆောင်၍ တရားလွှတ်တော်ရှေ့နေများကောင်စီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင် စုတရားလွှတ်တော်ချုပ်တရားသူကြီး ဦးမျိုးတင့်၊ တရားလွှတ်တော်ရှေ့နေများကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ တရားလွှတ်တော်ရှေ့နေများကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
(သတင်းစဉ်)
