ဥပဒေရေးရာဝန်ကြီးဌာနနှင့် ကျန်းမာ‌‌ရေးဝန်ကြီးဌာနပူးပေါင်း၍ ကျန်းမာ‌ရေးအသိပညာ မျှဝေဆွေးနွေးပွဲ ကျင်းပပြုလုပ်

နေပြည်တော်၊ ဇူလိုင် ၁၇

ဥပဒေရေးရာဝန်ကြီးဌာနနှင့် ကျန်းမာ‌‌ရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ဥပဒေရေးရာဝန်ကြီး ဌာန၏ အသိပညာမျှဝေ ဆွေးနွေးပွဲ အစီအစဉ်အရ ကျင်းပသည့် ဆီးချို၊ သွေးချိုနှင့် သွေးတိုးရောဂါ အကြောင်း သိကောင်းစရာ ခေါင်းစဉ်ဖြင့်  ယနေ့ မွန်းလွဲပိုင်း အချိန်တွင် ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

နေပြည်တော် ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)မှ ဆေးရုံအုပ်ကြီး ပါမောက္ခဒေါက်တာ ရဲမြင့်က “ဆီးချို၊ သွေးချိုနှင့် သွေးတိုးရောဂါအကြောင်း သိကောင်းစရာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကုသ‌ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြား‌ရေးမှူးချုပ် ဒေါက်တာသံလွင်ထွန်းက “How to fight Age Related Problems” ခေါင်းစဉ်ဖြင့် လည်းကောင်း ဆွေးနွေးကြပြီး ဆီးချို၊ သွေးချိုနှင့် သွေးတိုး ရောဂါဆိုင်ရာ ကြိုတင်ကာကွယ်‌‌ရေး နည်းလမ်းများ သတိပြု လိုက်နာဆင်ခြင်ရမည့် ဆောင်ရန်၊ ရှောင်ရန်များ၊ ရာသီအပြောင်းအလဲကြောင့် ကျန်းမာ‌‌ရေးအပေါ်တွင် သက်ရောက်နိုင်သည့်အချက်များ စသည်တို့ကိုလည်း ထည့်သွင်းရှင်းလင်း ဆွေးနွေးပေးကြပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာသူ များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်က ယခုဆွေးနွေးပွဲမှ တစ်ဆင့် ဆီးချိုနှင့် သွေးတိုးရောဂါဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ ကြိုတင်ကာကွယ် လိုက်နာသင့် သည့် အချက်များ၊ နေ့စဉ်ဘဝတွင် နေထိုင်စားသောက်မှုပုံစံများအပြင် ကျန်းမာရေးအပေါ် ရာသီ အပြောင်း အလဲ၏ အကျိုးသက်ရောက်မှုများကိုလည်း သိရှိခွင့်ရပြီး၊  တစ်ဦးချင်းသာမက မိသားစုနှင့် လူ့ အသိုက်အဝန်း(Society)အတွက်လည်း ကျန်းမာ‌ရေးဆိုင်ရာ ဗဟုသုတများကို ကောင်းစွာ သိရှိထားခြင်း ဖြင့် ကျန်းမာစွာနေထိုင်သွားနိုင်မည့် နည်းလမ်းများအတိုင်း လိုက်နာနိုင်မည် ဖြစ်သဖြင့် များစွာအကျိုး ကျေးဇူး ရရှိသည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယ ဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်၊ ဦးစီးဌာန များမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ထို့အတူ နံနက်ပိုင်းတွင်လည်း ဥပ‌ဒေရေးရာဝန်ကြီးဌာနရှိ သတ်မှတ်နေရာများ၌ နေပြည်တော် သွားနှင့်ခံတွင်း အထူးကုဆေးရုံးကြီးမှ ဆေးရုံအုပ်ကြီး ပါမောက္ခ ဒေါက်တာခင်မောင် ဦးဆောင် သောအဖွဲ့က  ဥပဒေရေးရာဝန်ကြီးဌာနရှိ အရာထမ်း/အမှုထမ်းများ၏ သွားနှင့်ခံတွင်းဆိုင်ရာ ရောဂါ များ စစ်ဆေးကုသပေးခြင်းနှင့် နေပြည်တော် ပြည်သူ့ဆေးရုံကြီး(ခုတင်-၁၀၀၀)မှ တွဲဖက် ပါမောက္ခ ဒေါက်တာခင်စန္ဒာ ဦးဆောင်သောအဖွဲ့က  ဆီးချို၊ သွေးချို စစ်ဆေးပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။                                                                                                           

(သတင်းစဉ်)