နေပြည်တော်၊ မေ ၁၃

ဥပဒေရေးရာဝန်ကြီးဌာနလက်အောက်ရှိ မြို့နယ်ဥပဒေရုံး ၁၀ ရုံးအား အစိုးရသစ် ရက် ၁၀၀ အတွင်း ရှေ့ပြေးဥပဒေရုံးများအဖြစ် သတ်မှတ်တိုးချဲ့ဖွဲ့စည်းရန် လျာထားခဲ့ပြီး နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဇမ္ဗူသီရိမြို့နယ်ဥပဒေရုံး၊ ဥတ္တရသီရိမြို့နယ်ဥပဒေရုံး၊ ဒက္ခိဏသီရိ မြို့နယ်ဥပဒေရုံးနှင့် ပုဗ္ဗသီရိမြို့နယ်ဥပဒေရုံးတို့ကို ရှေ့ပြေးဥပဒေရုံး(Pilot Law Office) များအဖြစ် သတ် မှတ်၍ စံနမူနာပြ စမ်းသပ်ဆောင်ရွက်မည့် ညှိနှိုင်းဆွေးနွေးမှုများပြုခဲ့သည်။
ယခင် စံနမူနာ ရှေ့ပြေးဥပဒေရုံးများအဖြစ် ခရိုင်ဥပဒေရုံး ၂၁ ရုံး၊ မြို့နယ်ဥပဒေရုံး ၇ ရုံးတို့ သတ်မှတ်ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။ ယနေ့တွင် နေပြည်တော်ရှိ ဇမ္ဗူသီရိမြို့နယ်ဥပဒေရုံး၊ ဥတ္တရသီရိမြို့နယ်ဥပဒေရုံး၊ ဒက္ခိဏသီရိမြို့နယ်ဥပဒေရုံးနှင့် ပုဗ္ဗသီရိမြို့နယ်ဥပဒေရုံးများကို စံနမူနာ ရှေ့ပြေးဥပဒေရုံးများ သတ်မှတ်၍ ဖော်ဆောင်ခြင်းဖြစ်ပါကြောင်း။
ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်က ရှေ့ပြေးဥပဒေရုံး(Pilot Law Office)ဖွင့်လှစ် ခြင်းဖြင့် ရုံးလုပ်ငန်းများ ဆောင်ရွက်သောအခါ မှတ်ပုံတင်ရေးသွင်းခြင်း၊ မှတ်တမ်းတင်ခြင်း၊ အစီရင်ခံစာပေးပို့ခြင်း စသည်တို့ကို Manual စနစ်မှ Digitization စနစ်သို့ ကူးပြောင်းနိုင်ရန်၊ အမှုလိုက် ဥပဒေအရာရှိနှင့် တာဝန်ခံဥပဒေအရာရှိများအကြား နည်းပညာ အသုံး ပြုကာ မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ရန် ရှေ့ပြေးဥပဒေရုံးများတွင် တရားခွင်အကြို တွေ့ဆုံမေးမြန်း ခြင်း(Pre-Trial Interview, PTI)များကိုဆောင်ရွက်နိုင်ရန် စံနမူနာပြုစမ်းသပ်ခြင်းဖြစ်ကြောင်း၊ ယင်းကဲ့သို့ ဆောင်ရွက်ခြင်းဖြင့် ရာဇဝတ်မှုများ၌ ပါဝင်သည့် နစ်နာသူနှင့် မျက်မြင်သက်သေများကို ကျယ်ကျယ်ပြန့်ပြန့် ချိတ်ဆက်နိုင်ရေး ရဲအရာရှိများ၊ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းနိုင်ရေးတို့ကို ဖော်ဆောင်ပြီး နိုင်ငံတော်သမ္မတ၏ မိန့်ခွန်း ကောက်နှုတ်ချက်ပါ နိုင်ငံသားတိုင်း ဥပဒေ၏ အကာအကွယ်ကို အညီအမျှရရှိစေရန် လမ်းညွှန်ချက်နှင့်အညီ တရားဥပဒေစိုးမိုးရေးကို အထောက်အကူပြုနိုင်ပါကြောင်း။
အဆိုပါရုံးများသည် အခြားဥပဒေရုံးများနှင့်မတူဘဲ စံနမူနာပြ ဥပဒေရုံးများအဖြစ် ရုံးဥပဓိရုပ် ကောင်းမွန်ရေး၊ အခြားလိုအပ်သော ရုံးအသုံးအဆောင်ပစ္စည်းများကို ဖြည့်ဆည်းပေးရေး၊ တာဝန် ထမ်းဆောင်မည့် အရာထမ်းများ၏ အရည် အသွေး မြှင့်တင်ရေးကို ဦးစားပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း။
ယင်းနောက် ရှေ့ပြေးဥပဒေရုံး(Pilot Law Office) သတ်မှတ်သည့် မြို့နယ်ဥပဒေရုံးများသို့ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
