နေပြည်တော် ဧပြီ ၁၇

ဥပဒေရေးရာဝန်ကြီးဌာန၊ နေပြည်တော်တွင် တာဝန်ထမ်းဆောင်လျက်ရှိကြသော အရာထမ်း၊ အမှုထမ်း မိသားစုများ၏ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ မြန်မာနှစ်ဆန်း ၁ ရက်နေ့တွင် ရုံးရှေ့ ပရဝုဏ်၌ အန္တရာယ်ကင်းပရိတ် တရားတော်များ နာယူသည့် အခမ်းအနားကို ညနေ ၁၅း ၀၀ နာရီ အချိန်က ကျင်းပပြုလုပ်ရာ ရှေးဦးစွာ ကြွရောက်လာသော သံဃာတော် အရှင်သူမြတ်တို့ထံမှ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး၊ ဝန်ကြီးရုံး၊ အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ် များ၊ ဒုတိယညွှန်ကြားရေး မှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများက ငါးပါးသီလ ခံယူဆောက်တည် ကြသည်။ ထို့နောက် ပင့်သံဃာတော် အရှင်သူမြတ်တို့က အန္တရာယ်ကင်းပရိတ် တရားတော်များ ဆက်လက်ချီးမြှင့်ပြီး ကမ္မဝါစာများကို ရွတ်ဖတ်သရဇ္ဈယ် ပူဇော်ပေးကြပါသည်။
ဆက်လက်၍ ပင့်သံဃာတော် အရှင်သူမြတ်တို့အား ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စု ရှေ့နေချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းတို့က လှူဖွယ်ဝတ္ထု၊ ပစ္စည်းများကို အသီးသီး ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် ရေစက်သွန်းချ အမျှပေးဝေကြကာ၊ “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” (၃)ကြိမ် ရွတ်ဆို ဘုရားကန်တော့ပြီး ပရိတ်တရားတော်နာ အခမ်းအနားကို ရုပ်သိမ်း လိုက်ပြီးနောက် ရုံးရှေ့တစ်ဖက်ပိတ် လျှိုပိတ်ဆည်အတွင်းသို့ အစီအစဉ်များအတိုင်း ငါးသားပေါက် ကောင်ရေ ၁,၅၀၀ ကျော်တို့အား ဇီဝိတဒါနအဖြစ် လွှတ်ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
(သတင်းစဉ်)
