ဥပဒေရေးရာဝန်ကြီးဌာန၊ ဥပဒေသုတေသနအဖွဲ့၏ စာတမ်းဖတ်ပွဲကျင်းပ

နေပြည်တော် ဇူလိုင်လ ၂၇ ရက်

ဥပဒေရေးရာဝန်ကြီးဌာန၊ ဥပဒေသုတေသနအဖွဲ့၏ တတိယအကြိမ် စာတမ်းဖတ်ပွဲ အခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန၊ မြေညီထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

စာတမ်းဖတ်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ဥပဒေရေးရာဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံတွင် ဥပဒေသုတေသန ပြုခြင်း လုပ်ငန်းဖွံ့ဖြိုးစေရေး ဝန်ကြီးဌာန၏ လုပ်ငန်းများ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော ဥပဒေသုတေသနလုပ်ငန်းများ ဆောင်ရွက်ရေးနှင့် မဟာဗျူဟာစီမံကိန်းပါ ဥပဒေ သုတေသနလုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး အတွက် ဥပဒေသုတေသနဌာနခွဲဖွဲ့စည်း၍ ဥပဒေသုတေသန လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက် နေပါကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနရှိ ဥပဒေသုတေသန အဖွဲ့များက ၂၀၂၂ ခုနှစ်အတွင်း စာတမ်း ၁၂ စောင်ကို ရေးသားပြုစုနိုင်ခဲ့ပါကြောင်း၊ ၎င်းတို့ ရေးသားပြုစုခဲ့သည့် စာတမ်းများကို လုပ်ငန်းအဖွဲ့ ၆ ဖွဲ့မှ လစဉ် အလှည့်ကျဖတ်ကြားလာခဲ့ရာ ယခု စာတမ်းဖတ်ပွဲမှာ တတိယ အကြိမ်မြောက် ကျင်းပခြင်းဖြစ်ပါကြောင်း၊ ယခုကဲ့သို့ စာတမ်းဖတ်ပွဲအခမ်းအနားများ ကျင်းပ ရခြင်း၏ ရည်ရွယ်ချက်မှာ ဥပဒေရေးရာဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ်ဥပဒေချုပ်ရုံးများ နှင့် ဥပဒေရုံးအဆင့်ဆင့်၌ တာဝန်ထမ်းဆောင်နေကြသော အရာထမ်းများကို ဥပဒေအသိပညာများ တိုးတက်စေရန်၊ လုပ်ငန်းစွမ်းဆောင်ရည် အရည်အသွေးမြင့်မားစေရန်၊ စာတမ်းဖတ်ပွဲ အတွေ့အကြုံ များရရှိစေရန်နှင့် ဥပ‌ဒေဗဟုသုတများကို အပြန်အလှန်ဆွေးနွေးဖလှယ်နိုင်စေရန် ဖြစ်ပါကြောင်း၊ ယခုစာတမ်းဖတ်ပွဲမှတဆင့် ဥပဒေအသိပညာများကို အပြန်အလှန်ဆွေးနွေး ဖလှယ်ကြ ခြင်းဖြင့် အတွေ့အကြုံနှင့် အသိပညာဗဟုသုတများ တိုးပွားလာမည်ဟုလည်း မျှော်လင့်ပါကြောင်း၊ ဥပဒေ သုတေသန အရာရှိများအနေဖြင့် သုတေသနလုပ်ငန်းများကို ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်ခြင်းအတွက်ကိုလည်း ကြိုးပမ်းကြရန် တိုက်တွန်းလိုပါကြောင်း ရရှိလာသည့် အသိပညာ ဗဟုသုတများဖြင့် မိမိဌာန၏ အကျိုးကိုဆထက်တစ်ပိုးပိုမို ထမ်းရွက်နိုင်မည်ဟု ယုံကြည် ပါကြောင်း ပြောကြားခဲ့ပါသည်။

ယနေ့စာတမ်းဖတ်ပွဲတွင် ဥပဒေသုတေသနအဖွဲ့ ၅ မှ “Comparative Study of Prosecution Systems between Singapore and Myanmar” ခေါင်းစဉ်ဖြင့် ဖတ်ကြားခဲ့ကြပါသည်။

အဆိုပါအခမ်းအနားသို့ ဥပဒေရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာ ထမ်းများ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ်ဥပဒေချုပ်ရုံးများမှ အရာထမ်းများ ကလည်း Online မှတစ်ဆင့် တက်ရောက်ခဲ့ကြပါသည်။

(သတင်းစဉ်)