ဥပဒေရေးရာဝန်ကြီးဌာန၏ မဟာဗျူဟာစီမံကိန်း (၂၀၂၅-၂၀၂၉) စာအုပ် မိတ်ဆက်ပွဲနှင့် နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ် ၅ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်

နေပြည်တော်၊ ဇန်နဝါရီ ၇

ဥပဒေရေးရာဝန်ကြီးဌာန၏ မဟာဗျူဟာစီမံကိန်း(၂၀၂၅-၂၀၂၉) မိတ်ဆက်ပွဲနှင့် နိုင်ငံ့ဝန်ထမ်း အကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ် ၅ ဖွင့်ပွဲ အခမ်းအနား ကို ၇-၁-၂၀၂၅ ရက် နံနက် ၀၉:၀၀ နာရီအချိန်တွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ ဥပဒေ အသိပညာပြန့်ပွားရေးသင်တန်းတွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်၊  ပြည်ထောင်စုဝန်ကြီးများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင်များ၊ ဥပဒေအကြံပေးပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ်၊ တိုင်းဒေသကြီး/ပြည်နယ်ဥပဒေချုပ်များ၊ ဥပဒေရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေး မှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူး များ၊ တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေအရာရှိများ၊ ခရိုင်ဥပဒေအရာရှိများ တက်ရောက်ကြပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်က မဟာဗျူဟာစီမံကိန်း(၂၀၂၅-၂၀၂၉) မိတ်ဆက်ပွဲနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကား ပြောကြားရာတွင် ဥပဒေရေးရာဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များဖြစ်သည့် ဥပဒေမူကြမ်းများစိစစ်ခြင်း၊ ဥပဒေအကြံဉာဏ်များပေးခြင်း၊ တရားစွဲနှင့်အမှုလိုက်လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ဥပဒေအသိပညာပြန့်ပွားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းစသည့် လုပ်ငန်းများအား ပိုမိုစနစ်တကျရှိစွာဖြင့် တိုးတက်အောင်မြင်ရန် မဟာဗျူဟာများ ချမှတ်ဆောင်ရွက်ခဲ့ကြောင်း၊

ပထမဆုံး မဟာဗျူဟာစီမံကိန်း(၂၀၁၅-၂၀၁၉)ကို တရားဥပဒေစိုးမိုးရေးဆီသို့ “Moving Forward to the Rule of Law” ဟူသည့် ဆောင်ပုဒ်ဖြင့်လည်းကောင်း၊ ဒုတိယမြောက် မဟာ ဗျူဟာစီမံကိန်း (၂၀၂၀-၂၀၂၄)ကို တရားမျှတရေးအတွက် ဥပဒေဝန်ဆောင်မှု “Providing Legal Services for Justice” ဟူသည့် ဆောင်ပုဒ်ဖြင့်လည်းကောင်း ချမှတ်ဆောင်ရွက်ခဲ့ရာ စီမံကိန်းများ အောင်အောင်မြင်မြင် ပြီးမြောက်ခဲ့ပြီးဖြစ်ကြောင်း၊

တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ တရားမျှတမှု ရရှိစေရေးသာမက ဥပဒေကို အကောင်အထည်ဖော် ဆောင်ရွက်နေသော အဖွဲ့အစည်း၏ လုပ်ငန်းတာဝန်များကို အများပြည်သူက နားလည်သိရှိပြီး ဆောင်ရွက်ချက်များအပေါ် ယုံကြည်အားကိုးမှု ရှိစေရေးသည် အရေးကြီးပါကြောင်း၊ အဆိုပါ ရည်မှန်းချက်အတွက် ဥပဒေရေးရာဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ်မှ ၂၀၂၉ ခုနှစ်ထိ အကောင်အထည်ဖော် ဆောင်ရွက်မည့် တတိယမြောက် မဟာဗျူဟာစီမံကိန်းကို “ပြည်သူ့ အတွက် တည်ဆောက်လျက် ဥပဒေယုံကြည်ချက်” “Building Legal Trust for the People” ဟူသည့် ဆောင်ပုဒ် ချမှတ်ခဲ့ပြီး ပန်းတိုင် ၅ ရပ်၊ မဟာဗျူဟာအစီအစဉ် ၆၃ ခုဖြင့် ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊

ယခု မဟာဗျူဟာစီမံကိန်းတွင် ဥပဒေအသိပညာဆိုင်ရာ ဒီပလိုမာဘွဲ့သင်တန်း ဖွင့်လှစ် ခြင်း၊ တက္ကသိုလ်ကျောင်းသားများနှင့် ရှေ့နေရှေ့ရပ်များအတွက် ဥပဒေပညာရပ်ဆိုင်ရာသင်တန်း များဖွင့်လှစ်ခြင်း၊ Grade 12 သင်ရိုးညွှန်းတမ်းတွင် ဥပဒေဘာသာရပ် ထည့်သွင်းပို့ချနိုင်ရန် ဆောင်ရွက်ခြင်း၊ e-library တည်ထောင်ခြင်းများ၊ ဥပဒေရေးရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက် ချက်များကို အများပြည်သူက သိရှိ၍ ယုံကြည်ကိုးစား အလေးထားစေရန် အစီအစဉ်များ ချမှတ်ခြင်း တို့ကို ဆောင်ရွက်သွားမှာ ဖြစ်ပါကြောင်း ပြောကြားပါသည်။

ဆက်လက်၍ နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ် ၅ ဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်က အမှာစကားပြောကြားရာတွင် ဝန်ကြီးဌာနနှင့် ဦးစီးဌာနများတွင် တာဝန်ထမ်းဆောင်လျက်ရှိ သည့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များသည် ဥပဒေဒီပလိုမာဘွဲ့ သို့မဟုတ် ဥပဒေရေးရာကျွမ်းကျင်ကြောင်း အသိအမှတ်ပြု လက်မှတ်တစ်ခုခု ရရှိရေးအတွက် ဥပဒေပညာ လေ့လာနိုင်ရေးဆောင်ရွက်ရန် လမ်းညွှန်ချက်အရ ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းများကို ၂၀၂၂ ခုနှစ် ဇွန်မှ စတင်၍ ဖွင့်လှစ်ခဲ့ရာ အမှတ်စဉ်(၄)အထိ အောင်မြင်စွာ ဖွင့်လှစ် ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်အဆင့် အရာရှိကြီးများ စုစုပေါင်း (၁၂၅)ဦး တက်ရောက်အောင်မြင်ပြီး ဖြစ်ပါကြောင်း၊

ယခုသင်တန်းအား ဥပဒေရေးရာဝန်ကြီးဌာန၏ ဦးစီးဌာနများက ဆောင်ရွက်လျက် ရှိသော ဥပဒေရေးရာ ကိစ္စရပ်များအပြင် နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများ သိသင့်သိထိုက်သည့် ဘာသာရပ်များကို ထည့်သွင်းပို့ချပေးမည် ဖြစ်ကြောင်း၊ သင်တန်းပို့ချရာတွင် ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ်၊ ဥပဒေချုပ်များ၊ အငြိမ်းစား ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်ကြီးများနှင့် ဥပဒေရေးရာဝန်ကြီးဌာနမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း၊ သင်တန်းတက်ရောက် အောင်မြင်သည့် သင်တန်းသားများကို  ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းဆင်း လက်မှတ်(Certificate of Legal Advocacy-CLA) ပေးအပ်ချီးမြှင့်မည်ဖြစ်ပြီး ယင်းလက်မှတ်သည် ပညာအရည်အချင်းတွင် ထည့်သွင်းဖော်ပြနိုင်သည့် အသိအမှတ်ပြု လက်မှတ်တစ်ခုဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ် ၅ တွင် ပြည်ထောင်စုဝန်ကြီး ဌာနများနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်အဆင့်ရှိ အရာရှိကြီးများ၊ ဒုတိယပါမောက္ခချုပ် အစရှိသည့် သင်တန်းသား (၂၇)ဦး တက်ရောက်ကြပြီး သင်တန်းကာလအနေဖြင့် ၇ – ၁ – ၂၀၂၅ ရက်နေ့မှ ၂၈ – ၃ – ၂၀၂၅ ရက်နေ့ အထိ ရက်သတ္တ (၁၂)ပတ်ကြာ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရှိရပါသည်။

ထို့နောက် ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန်က မဟာဗျူဟာစီမံကိန်း (၂၀၂၅-၂၀၂၉)နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကြကာ အခမ်းအနားကို နံနက် ၁၁ : ၀၀ နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

                                                                                                 (သတင်းစဉ်)