နေပြည်တော်၊ ဇွန် ၁၆

နေပြည်တော် စိမ်းလန်းစိုပြည်စေရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရေးအတွက် ဥပဒေရေးရာဝန်ကြီးဌာန၏ ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက်ပိုင်းက ရုံးအမှတ် (၂၅)၊ ဥပဒေရေးရာဝန်ကြီးဌာန အဝင်လမ်း၏ ညာဘက်လမ်းသွယ်၌ ကျင်းပပြုလုပ်ရာ သတ်မှတ်နေရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ပိတောက်ပျိုးပင်ကို လည်း ကောင်း၊ ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦးက ကံ့ကော်ပျိုးပင်ကို လည်း ကောင်း၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက ပိတောက်ပျိုးပင်များကို လည်းကောင်း စိုက်ပျိုးပေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် နှင့်အဖွဲ့သည် အရာထမ်း၊ အမှုထမ်း များက ပိတောက်၊ ကံ့ကော်နှင့် ကျွန်းပင်ပျိုးပင်တို့အား သတ်မှတ်နေရာများ၌ စိုက်ပျိုးပေးနေမှုကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။ ယခုနှစ် ဥပဒေရေးရာဝန်ကြီးဌာန၏ မိုးရာသီသစ်ပင်စိုက်ပျိုး ပွဲတွင် စုစုပေါင်း အရိပ်ရ လေကာပင် ၂၀၀ ပင်တို့ကို စုပေါင်းစိုက်ပျိုး ပေးခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ဥပဒေရေးဝန်ကြီးဌာန၊ ရုံးအမှတ် ၂၅ ၏ ရှေ့မျက်နှာစာရှိ ဝန်ထမ်းသက်သာ ချောင်ချိရေးဆိုင်တွင် အရာထမ်း၊ အမှုထမ်းများအနေဖြင့် အခြေခံစားသောက်ကုန်များကို အလွယ် တကူ ဝယ်ယူနိုင်ရန်အတွက် ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာ ဝယ်ယူရရှိနိုင်ရန် သက်ဆိုင်ရာ ဝန်ကြီးဌာနများထံမှ ဆက်သွယ်မှာယူပြီး တစ်ဆင့်ပြန်လည် ရောင်းချပေးလျက်ရှိရာ ဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများအား သက်သာသောစျေးနှုန်းဖြင့် ဆန်နှင့် ဆီများအား ရောင်းချပေးမှုများကို ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်၊ ဒုတိယရှေ့နေချုပ်နှင့်ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များက ကြည့်ရှုအားပေးခဲ့ကြပြီး၊ အာဟာရကြက်ဥ များကို အခမဲ့ဝေငှ ပေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)
