ဥပဒေရေးရာဝန်ကြီးဌာန၏ ၃ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပပြုလုပ်

နေပြည်တော်၊ ဩဂုတ် ၃၀

ဥပဒေရေးရာဝန်ကြီးဌာန၏ ၃ နှစ်မြောက်၊ နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက် ၁၀: ၀၀ နာရီအချိန်တွင် နေပြည်တော်၊ ဥပဒေရေးရာဝန်ကြီးဌာန၊ မြေညီထပ်အစည်းအဝေးခန်းမ ၌ ကျင်းပသည်။
အဆိုပါအခမ်းအနားတွင် ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ်‌ ဒေါက်တာသီတာဦးက ဥပဒေရေးရာဝန်ကြီးဌာနနှင့် ဥပဒေရုံးအဆင့်ဆင့်ရှိ အရာထမ်း၊ အမှုထမ်းများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါ‌စေ၊ ကောင်းကျိုး လိုအပ်ဆန္ဒများပြည့်ဝကြပါစေလို့ ဦးစွာဆုမွန်ကောင်းတောင်းပေးလိုကြောင်း၊ ဥပဒေရေးရာဝန်ကြီး ဌာန၏ ၃ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်း များနှင့်အတူ ကျင်းပပြုလုပ်ရသဖြင့် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ယနေ့ကျရောက်တဲ့ နှစ်ပတ်လည်နေ့ အခမ်းအနားကို နေပြည်တော်ရှိ ဝန်ကြီးဌာနနှင့်အတူ တိုင်းဒေသကြီး/ ပြည်နယ် ဥပဒေချုပ်ရုံးများတွင်လည်း တစ်ပြိုင်တည်း ကျင်းပပြုလုပ်ကြမည်ဖြစ်သဖြင့် လွန်စွာဝမ်းမြောက် မိပါကြောင်း၊ ဝန်ကြီးဌာနရှိဌာနအသီးသီးနှင့် အဆင့်အဆင့်သောဥပဒေရုံးများမှ ဥပဒေအရာရှိ များ၊ အရာထမ်း၊ အမှုထမ်းများမှ မိမိတို့လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြသဖြင့် လုပ်ငန်းများအောင်မြင်စွာ ပြီးမြောက်လျက်ရှိသဖြင့် အမြဲဂုဏ်ယူရပါကြောင်း၊ ဥပ‌ဒေအရာရှိများ၊ ဝန်ထမ်းများအနေဖြင့် မိမိတို့ဝန်ကြီးဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်များကို အကောင် အထည်ဖော်ဆောင်ရွက်ကြရာတွင် တာဝန်သိစိတ်အပြည့်ဖြင့် တစ်စိတ်တစ်ဝမ်းတည်း စုပေါင်း၍ ဆောင်ရွက်သွားကြရန် နှင့် ဝန်ကြီးဌာန၏ ဆောင်ပုဒ်နှင့်အညီ ပြောဆိုကျင့်ကြံနေထိုင်ဆောင်ရွက် သွားကြရန် တိုက်တွန်းလိုကြောင်းနှင့် နောင်နှစ်များတွင်လည်း ယခုနှစ်ထက်ပိုမိုကောင်းမွန်စွာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းဖြင့် ပြောကြားပါသည်။
ဆက်လက်၍ ဥပဒေရေးရာဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်ရုံး အဆင့်ဆင့်၏ ၃ နှစ်တာ လှုပ်ရှားဆောင်ရွက်မှု Video မှတ်တမ်းများကို ကြည့်ရှုကြသည်။ ထို့နောက် ဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ အကအလှတို့ဖြင့် ကပြဖျော်ဖြေကြသည်။ ယင်းနောက် ဥပဒေရေးရာဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေကြသည့် အရာထမ်း၊ အမှုထမ်း (၅၅၀)ဦး အတွက် ဦးစီးဌာနများအလိုက် ဗလာမပါကံစမ်းမဲများ၊ အထူးမဲများပြုလုပ်၍ လက်ဆောင် ပစ္စည်းများပေးအပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် အပါအဝင် ရုံးအကြီး အမှူးများက အရာထမ်း၊ အမှုထမ်းများ အားလုံးနှင့်အတူ နေ့လယ်စာ သုံးဆောင်ခဲ့ကြကြောင်း သိရှိရပါသည်။

(သတင်းစဉ်)