နေပြည်တော်၊ ဇန်နဝါရီလ ၇

ဥပဒေအရာရှိအဆင့်-၃ မွမ်းမံသင်တန်းအမှတ်စဉ် (၃၂) သင်တန်းဖွင့်ပွဲ အခမ်းအနား ကို ယနေ့ နံနက် ၀၉:၃၀ နာရီအချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။
အမှာစကားပြောကြားရာတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ တိုင်းဒေသကြီး/ ပြည်နယ်နှင့် မြို့နယ်ဥပဒေရုံးအဆင့်ဆင့်မှာ တာဝန်ထမ်းဆောင်လျက်ရှိသော ဦးစီးအရာရှိများ/မြို့နယ်ဥပဒေအရာရှိများအနေဖြင့် လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်မြင့်မားစေရန်နှင့် လုပ်ငန်းတာဝန်များကို အောင်မြင်စွာ ထမ်းဆောင်နိုင်စေရန် ရည်ရွယ်၍ မွမ်းမံသင်တန်းများအား ဖွင့်လှစ်ပို့ချခြင်းဖြစ်ကြောင်း၊ သင်တန်းတွင် တရားစွဲအမှုလိုက်ဘာသာရပ်အပြင် ရုံးလုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ စီမံရေးရာကိစ္စရပ်များ၊ ငွေစာရင်းနှင့် ဘက်ဂျက်ဆိုင်ရာ ကိစ္စရပ်များနှင့် Legal English ဘာသာရပ်တို့ကို စာတွေ့၊လက်တွေ့ သင်ကြားပို့ချမည် ဖြစ်ပါကြောင်း၊ ဥပဒေအရာရှိများသည် တရားစွဲဆိုခြင်းမပြုမီ ဥပဒေအကြံဉာဏ်ပေးခြင်း၊ အမှုလိုက်ပါ ဆောင်ရွက်ခြင်း၊ အမှုရုပ်သိမ်းခြင်း၊ အမှုပိတ်သိမ်းခြင်း၊ အယူခံမှု၊ ပြင်ဆင်မှု တင်သွင်းခြင်းကိစ္စများကို ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ သတ်မှတ်ကာလများအတွင်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အလားတူ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများက တောင်းခံသည့် ဥပဒေအကြံဉာဏ်များကို မှန်မှန်ကန်ကန် အကြံပေးနိုင်ရန် လိုအပ်ပါကြောင်း၊ ဥပဒေအရာရှိများသည် တရားလို၏ ထိခိုက်နစ်နာဆုံးရှုံးမှုများကို ဥပဒေဘောင်အတွင်းမှ ဖြေရှင်းပေးရသည့်နည်းတူ တရားခံတစ်ဦး၏ ရသင့်ရထိုက်သည့်အခွင့်အရေး မဆုံးရှုံးစေရေးကိုလည်း ကာကွယ်ပေးရမှာဖြစ်ကြောင်း၊ သင်တန်းမှာ ဆွေးနွေးပို့ချသည့် ဘာသာရပ်များကို မှတ်သားပြီး သင်တန်းကာလကို အကျိုးရှိအောင် ဆောင်ရွက်ကြရန် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
(သတင်းစဉ်)
