၂၀၂၅ ခုနှစ်၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ(မူကြမ်း)နှင့် ယစ်မျိုးဥပဒေ(မူကြမ်း) ပြဋ္ဌာန်းနိုင်ရေး အပြီး သတ်ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဒီဇင်ဘာလ ၃၀

၂၀၂၅ ခုနှစ်၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ(မူကြမ်း)နှင့် ယစ်မျိုးဥပဒေ (မူကြမ်း) တို့နှင့်  စပ်လျဉ်းသည့် အပြီးသတ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀:၀၀ နာရီတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်ဒေါက်တာထိန်လင်းဦး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်ကျော်ကျော်၊ ဥပဒေမူကြမ်းစိစစ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကြည်ကြည်သန်းအောင်၊ ဥပဒေအကြံဉာဏ်ပေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်နိုင်၊ တရားစွဲနှင့်အမှုလိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဆွေဆွေအောင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်ထွန်း၊ ငွေကြေးခဝါချမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူးရဲမှူးချုပ် ဇော်လင်းထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က အဖွင့်အမှာ စကားပြောကြားပြီးနောက် ပြည်ထဲ ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်ကျော်ကျော်က ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေကို ပြောင်းလဲလာသည့် အခြေအနေများနှင့် လိုက်လျော ညီထွေဖြစ်စေရေးနှင့် ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ (Financial Action Task Force-FATF)၏ အကြံပြုချက်များနှင့်အညီ ဥပဒေကိုရေးဆွဲရခြင်းဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံယစ်မျိုးအက် ဥပဒေ( THE MYANMAR EXCISE ACT)ကို ၁၉၁၇ ခုနှစ်ကတည်းက ပြဋ္ဌာန်းခဲ့ခြင်းဖြစ်၍ ပြောင်းလဲလာသည့် အခြေအနေများနှင့် လိုက်လျောညီထွေဖြစ်စေရန် အသစ်ရေးဆွဲရခြင်းဖြစ်ကြောင်း ရှင်းလင်း တင်ပြဆွေးနွေးပါသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်ဒေါက်တာသီတာဦးက ၂၀၂၅ ခုနှစ်၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေကို လက်ရှိအခြေအနေနှင့် လိုက်လျော ညီထွေမှုရှိစေရန်၊ မြန်မာနိုင်ငံက အဖွဲ့ဝင်အဖြစ်လက်ခံထားသော သက်ဆိုင်ရာ ကွန်ဗင်းရှင်း များနှင့် AML-LTF ဆိုင်ရာ FATF ၏ အကြံပြုချက်များနှင့် ညီညွတ်မှုရှိစေရန်နှင့် နိုင်ငံတော်က တရားဥပဒေစိုးမိုးရေးအတွက် အထောက်အကူပြုစေရန် ပြဋ္ဌာန်းသင့်သော ဥပဒေတစ်ရပ် ဖြစ်ကြောင်း သုံးသပ်၍ ဥပဒေပြဋ္ဌာန်းနိုင်ရေး အပြီးသတ်ဆွေးနွေးခဲ့ကြပါသည်။

ထို့ပြင် တည်ဆဲမြန်မာနိုင်ငံယစ်မျိုးအက်ဥပဒေ( THE MYANMAR EXCISE ACT) သည် ၁၉၁၇ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော ဥပဒေဖြစ်ပြီး ယင်းဥပဒေတွင် ယစ်မျိုးအပြင်  မူးယစ်ဆေးဝါး၊ ယစ်မျိုးခွန်ကောက်ခံခြင်းနှင့်  သက်ဆိုင်သောကိစ္စရပ်များ ပါဝင်နေပြီး ယစ်မျိုးခွန်ကောက်ခံခြင်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေဇယား(၂)အရ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များတွင် ဥပဒေများ ပြဋ္ဌာန်းထားခြင်းတို့ကြောင့် လက်ရှိကာလနှင့် ဆီလျော်မှု မရှိတော့၍ ယစ်မျိုးစီမံခန့်ခွဲခြင်းကိစ္စရပ်များကို ခေတ်နှင့်လိုက်လျောညီထွေ ဖြစ်စေရန်၊ နိုင်ငံတော်အတွက် ရသင့်ရထိုက်သော ယစ်မျိုးအခွန်များရရှိစေရေး ကြီးကြပ်နိုင်စေရန်၊ အရက်ကို တရားမဝင်ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းများကို ပိုမိုကြီးကြပ်နိုင်စေရန်နှင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ရန် အလို့ငှာ ပြဋ္ဌာန်းသင့်သော ဥပဒေ တစ်ရပ်ဖြစ်ကြောင်း သုံးသပ်တွေ့ရှိရသဖြင့် ဥပဒေပြဋ္ဌာန်းနိုင်ရေး အပြီးသတ်ညှိနှိုင်းဆွေးနွေး ခဲ့ကြကြောင်း သိရှိရပါသည်။

                                                                                               သတင်းစဉ်