တက္ကသိုလ် ဥပဒေအထူးပြုကျောင်းသားများအတွက် ဥပဒေပညာရပ်ဆိုင်ရာ လက်တွေ့သင်တန်း သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် အောက်တိုဘာ ၇

ဥပဒေရေးရာဝန်ကြီးဌာနတွင် ဖွင့်လှစ်သည့် Naypyitaw State Academy ဥပဒေ အထူးပြုကျောင်းသားများအတွက် ဥပဒေပညာရပ်ဆိုင်ရာ လက်တွေ့သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ယနေ့ဖွင့်လှစ်သည့် သင်တန်းသည် Naypyitaw State Academy မှ ဥပဒေအထူးပြုကျောင်းသားများအတွက်  တက္ကသိုလ်ပညာ သင်ကြားစဉ် လက်တွေ့လုပ်ငန်းများကို လေ့လာသင်ယူနိုင်ရန် စီစဉ်ဖွင့်လှစ်ပေးသည့် ဥပဒေ ပညာရပ်ဆိုင်ရာလက်တွေ့သင်တန်း ဖြစ်ပါကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနအနေဖြင့် မဟာ ဗျူဟာများချမှတ်ပြီးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၁၅-၂၀၁၉ ခုနှစ်တွင် Moving Forwards To The Rule of Law ၊ ၂၀၂၀-၂၀၂၄ ခုနှစ်တွင် Providing Legal Service for Justice၊ ၂၀၂၅-၂၀၂၉ ခုနှစ်တွင် Building Legal Trust for The People စသည့်ခေါင်းစဉ်များ ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး တက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် လည်း ဥပဒေရေးရာဝန်ကြီးဌာန၏ မဟာဗျူဟာအစီအစဉ်တစ်ရပ် ဖြစ်ပါကြောင်း၊ ယနေ့သည် ဥပဒေရေးရာဝန်ကြီးဌာနက ဆောင်ရွက်လျှက်ရှိသည့် ဥပဒေအသိပညာပြန့်ပွားရေးလုပ်ငန်း များအနက် မြန်မာနိုင်ငံ၏ဥပဒေပညာအဆင့်အတန်းမြင့်မားရေးအတွက်  Chapter အသစ် တစ်ခုကို စတင်ဖွင့်လှစ်သည့် နေ့ရက်လည်းဖြစ်ပါကြောင်း၊ ဥပဒေရေးရာ ဝန်ကြီးဌာန အနေ ဖြင့် Naypyitaw State Academy မှကျောင်းသားများအား စာတွေ့ပညာ သင်ကြားစဉ် ဥပဒေ ရေးရာဝန်ကြီးဌာန၏ လက်တွေ့လုပ်ငန်းစဉ်များကို လာရောက်လေ့လာ သင်ယူနိုင်ရန် ပညာရေးဝန်ကြီးဌာနက ပြုလုပ်စည့်အစည်းအဝေးတွင် ကမ်းလှမ်းခဲ့ပြီး ယခုအခါ အကောင် အထည် ဖော်ဆောင်ရွက်နိုင်ပြီဖြစ်ပါကြောင်း၊ သင်တန်းသားများကို ဥပဒေ ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံးနှင့် ဦးစီးဌာန ၄ ခုတို့က လက်တွေ့လုပ်ငန်းများကို ရက်သတ္တ ၆ ပတ်ကြာ သင်ကြား ပို့ချပေးမည်ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် ဥပဒေရေးရာ ဝန်ကြီးဌာန၏ များပြားလှ သည့် လုပ်ငန်းတာဝန်များကို အချိန်တိုအတွင်း လေ့လာရသည့် အတွက် ပြည့်စုံစွာ သိရှိနိုင် မည် မဟုတ်သော်လည်း တက္ကသိုလ်မှဘွဲ့ရပြီးပါက တရားသူကြီး၊ ဥပဒေအရာရှိ၊ ရှေ့နေစသည့် ဥပဒေပညာရှင်အဖြစ် လုပ်ငန်းများဆောင်ရွက်သည့်အခါ သင်တန်းမှရရှိမည့် အတွေ့အကြုံ များသည် လက်တွေ့လုပ်ငန်းနယ်ပယ်တွင် များစွာ အထောက်အကူပြုမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ သင်တန်းကာလအတွင်း ကြိုးစားလေ့လာ သင်ယူကြစေလိုကြောင်း ပြောကြားခဲ့ပါ သည်။

တက္ကသိုလ် ဥပဒေအထူးပြုကျောင်းသားများအတွက် ဥပဒေပညာရပ်ဆိုင်ရာ လက်တွေ့ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ဥပဒေရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ Naypyitaw State Academy ၊ ဥပဒေပညာဌာန၊ ပါမောက္ခ (ဌာနမှူး) နှင့် တာဝန်ရှိသူများ၊ ဥပဒေ အထူးပြုကျောင်းသား သင်တန်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)