နေပြည်တော်၊ နိုဝင်ဘာလ ၁၉

သမဝါယမအသင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ(မူကြမ်း) ပြဋ္ဌာန်းနိုင်ရေးအတွက် အပြီးသတ်ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာလ ၁၉ ရက် နေ့လယ် ၁ နာရီတွင် နေပြည်တော်ရှိ ဥပဒေရေးရာ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ်ဒေါက်တာသီတာဦး၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီးဦးမြင့်စိုး၊ အမြဲတမ်းအတွင်း ဝန်ဦးခန့်ဇော်၊ ဥပဒေမူကြမ်း စိစစ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာစန်းနှင့်တာဝန်ရှိသူများ၊ သမဝါယမအသင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က အဖွင့်အမှာ စကားပြောကြားပြီးနောက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက သမဝါယမဦးစီးဌာနအနေဖြင့် သမဝါယမလုပ်ငန်းများအား ခေတ်နှင့်လျော်ညီမှုရှိစေရေးနှင့် လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုဆောင်ရွက်ပေးနိုင်ရန်အတွက်လည်းကောင်း၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်းနှင့် ပြစ်မှုပြစ်ဒဏ်များ ပါဝင်နိုင်စေရန်အတွက်လည်းကောင်း လက်ရှိကျင့်သုံးနေသည့် ၁၉၉၂ခုနှစ်၊ သမဝါယမအသင်းဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းလိုခြင်းဖြစ်ကြောင်း တင်ပြဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်က ယင်းဥပဒေ (မူကြမ်း)သည် ခေတ်နှင့်လျော်ညီစွာ ပြင်ဆင်ရန် လိုအပ်သဖြင့် အဆိုပါဥပဒေ (မူကြမ်း)အား ပြဋ္ဌာန်းနိုင်ရေး အပြီးသတ် ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
