


နေပြည်တော်၊ သြဂုတ်လ ၂၅
ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ဗီယက်နမ်နိုင်ငံမှ တရားရေးဝန်ကြီး Mr. Le Thanh Long ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၀၈:၃၀ အချိန်တွင်လည်းကောင်း၊ USAID မှ Mr. Robert L. Dean ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား နံနက် ၁၀:၀၀ အချိန်တွင်လည်းကောင်း၊ UNDP မှ အကြံပေး အရာရှိ Mr. Scott Siment ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား မွန်းလွဲ ၁၄:၃၀ အချိန် တွင်လည်းကောင်း ပြည်ထောင်စုရှေ့နေချုပ်ရုံး ဧည့်ခန်းမ၌ သီးခြားစီ လက်ခံတွေ့ဆုံ ခဲ့ပါသည်။
ဗီယက်နမ်နိုင်ငံမှ တရားရေးဝန်ကြီးနှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ တို့အကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု လုပ်ငန်းများ တိုးတက်များပြားလာပါကြောင်း၊ ဘက်ပေါင်းစုံ ပူးပေါင်း ဆောင်ရွက်မှုတွင် ဥပဒေရေးရာကဏ္ဍ၌ ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးဆိုင်ရာ လုပ်ငန်းများ၊ ဒေသတွင်းနှင့် ပြည်တွင်းဥပဒေရေးရာ ကိစ္စရပ်များအပေါ် အတွေ့အကြုံများ အပြန်အလှန် ဖလှယ်ကြမည်ဖြစ်ပါကြောင်း၊ လူသားအရင်းအမြစ်ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ကြမည်ဖြစ်ပါကြောင်း ဆွေးနွေးခဲ့ကြပါသည်။
USAID မှ Mr. Robert L. Dean ဦးဆောင်သောအဖွဲ့နှင့်တွေ့ဆုံစဉ် ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် USAID တို့ ပူးပေါင်း၍ ပြင်ဦးလွင်ခရိုင်ဥပဒေရုံး၊ ချမ်းအေးသာစံမြို့နယ်ဥပဒေရုံးနှင့် မော်လမြိုင်မြို့နယ်ဥပဒေရုံးတို့ကို Pilot Law Office များအဖြစ် သတ်မှတ်ပြီး အမှုကိစ္စစီမံခန့်ခွဲမှု အဆင့်ဆင့် ပိုမိုကောင်းမွန်လာစေရန် ဆောင်ရွက်နေပါကြောင်း၊ အမှုလိုက်လုပ်ငန်းများကို ပြောင်းလဲလာသည့် ခေတ်စနစ်နှင့်အညီ ထိရောက်မြန်ဆန်ဆောင်ရွက်နိုင်စေရန် ကြိုးပမ်းလျက်ရှိပါကြောင်း၊ အမှုလိုက်လုပ်ငန်းများ ဆောင်ရွက်ရာတွင် တရားရုံး၊ ရဲတပ်ဖွဲ့ စသည့် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မှု အားကောင်းရန် လိုအပ်ပါကြောင်း၊ ဥပဒေရုံးအသီးသီး၏ အမှုကိစ္စ စီမံခန့်ခွဲမှု ကောင်းမွန်ခြင်းသည် တရားစီရင်ရေးကဏ္ဍပြုပြင် ပြောင်းလဲရေးအတွက် များစွာ အထောက်အကူဖြစ်စေပါကြောင်း၊ USAID နှင့်ပူးပေါင်း၍ ဥပဒေရုံးအဆင့်ဆင့်၏ လုပ်ငန်းစနစ်များ ပိုမိုကောင်းမွန်လာစေရန် ဆက်လက်ကြိုးပမ်း ဆောင်ရွက်မည် ဖြစ်ပါ ကြောင်း ဆွေးနွေးခဲ့ကြပါသည်။
တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့၏ အကြံပေး အဖွဲ့ဝင်များဖြစ်ကြသော Mr. Scott Siment ဦးဆောင်သော အဖွဲ့နှင့် တွေ့ဆုံစဉ် ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့အနေဖြင့် ဆက်လက်ဆောင်ရွက်ရမည့် တရားမျှတရေး ကဏ္ဍအမျိုးသားအဆင့် မဟာဗျူဟာလုပ်ငန်းစီမံချက် ရေးဆွဲရေးကိစ္စ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ခွဲများအတွက် လုပ်ငန်းလမ်းညွှန်များ ထုတ်ပြန်နိုင်ရေး ကိစ္စ၊ တရားမျှတရေးနှင့် တရားစီရင်ရေးကဏ္ဍရှိ အခက်အခဲများကို သုတေသနပြုလုပ်ရန် ကိစ္စ စသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲများသို့ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်၊ ညွှန်ကြားရေးမှူးချုပ်များ ဖြစ်ကြသော ဦးမင်းဆွေနှင့် ဒေါ်ခင်ချိုအုန်း နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။
(သတင်းစဉ်)
