တရားစွဲနှင့်အမှုလိုက်လုပ်ငန်းဆိုင်ရာကျွမ်းကျင်မှုတိုးတက်ရေး ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ နိုဝင်ဘာ   ၂၁

တရားစွဲနှင့်အမှုလိုက် လုပ်ငန်းဆိုင်ရာကျွမ်းကျင်မှုတိုးတက်ရေး ဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန၊ မြေညီထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ သီတာဦး၊ ဥပဒေရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဆွေးနွေးပွဲတက်ရောက်သည့် ဒုတိယတိုင်းဒေသကြီးဥပဒေအရာရှိများ၊ ခရိုင် ဥပဒေအရာရှိများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက အဖွင့်အမှာ စကားပြောကြားရာ  ဥပဒေရေးရာဝန်ကြီးဌာနအနေဖြင့် ဥပဒေအသိပညာပြန့်ပွားရေးလုပ်ငန်း များအား တစ်စိုက်မတ်မတ်ဖြင့် အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိရာ ရလဒ်ကောင်းများ ရရှိလျက်ရှိကြောင်း၊  လူတိုင်းလူတိုင်းအား ဥပဒေအသိပညာပြန့်ပွားရေး အားသွန်ခွန်စိုက် ဆောင်ရွက် လျက်ရှိစဉ်မှာဘဲ ဥပဒေအရာရှိများ၏ အဓိကလုပ်ငန်းဖြစ်သည့် တရားစွဲနှင့်အမှုလိုက်လုပ်ငန်း များတွင် စွမ်းဆောင်ရည်တိုးတက်ရန်၊မှန်ကန်ရန်၊ အချင်းချင်းအပြန်အလှန် ဆွေးနွေးတိုင်ပင် နှီးနောရန်အတွက် အားသစ်လောင်းဖို့ လိုအပ်လျက်ရှိသဖြင့် ယခုဆွေးနွေးပွဲအား ဆောင်ရွက် ခြင်းဖြစ်ကြောင်း၊  တရားစွဲနှင့်အမှုလိုက်လုပ်ငန်းများဖြစ်သည့် ဥပဒေအကြံပေးခြင်း၊ တရားစွဲနှင့် အမှုလိုက်လုပ်ငန်းများအား တရားရုံးများတွင် လိုက်ပါဆောင်ရွက်ခြင်း၊ အမှုပြီးပြတ်ချက်များနှင့် ပြင်ဆင်မှု၊အယူခံမှုများ ဆောင်ရွက်ရာတွင် ခရိုင်ဥပဒေအရာရှိများအနေဖြင့် အဓိက ကိုင်တွယ် ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း၊ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲများတွင် ဥပဒေချုပ်များ၊ တိုင်းဒေသကြီး ဥပဒေအရာရှိများ၊ ခရိုင်ဥပဒေအရာရှိများကို လိုအပ်ချက်များ ညွှန်ကြားဆောင်ရွက်ခဲ့သော်လည်း တိုက်ရိုက်ထိတွေ့ဆောင်ရွက်ရန် လိုအပ်သည့်အတွက် ယခုဆွေးနွေးပွဲအား ဆောင်ရွက်ခြင်းဖြစ်ပြီး၊ ဆွေးနွေးပွဲများကို ပုံမှန်ဆက်တိုက် ဆောင်ရွက်သွားမှာဖြစ် ကြောင်း၊ အဓိကအနေဖြင့် ဥပဒေရေးရာ ဝန်ကြီးဌာနက ကိုင်တွယ်ကျင့်သုံးလျက်ရှိသည့် ပြည်ထောင်စုရှေ့နေချုပ်ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များအား အမှုကိုစတင်ကိုင်တွယ်ဆောင်ရွက်ရသည့် မြို့နယ်ဥပဒေအရာရှိ၊ ဒုတိယ မြို့နယ်ဥပဒေအရာရှိများအနေဖြင့် သိရှိကျွမ်းကျင်နှံ့စပ်ရန် လိုအပ်သကဲ့သို့ ၎င်းတို့အား ကြီးကြပ် ဆောင်ရွက်နေရသည့် ခရိုင်ဥပဒေအရာရှိများ၊ ဒုတိယခရိုင်ဥပဒေအရာရှိများ အနေဖြင့်လည်း ကျွမ်းကျင်နှံ့စပ်ရန်လိုအပ်ကြောင်း၊ ယခုဆွေးနွေးပွဲတွင် ဥပဒေအရာရှိများ ပုံမှန်ဆောင်ရွက်နေရသည့် လုပ်ငန်းများအား ဆွေးနွေးဆောင်ရွက်မှာဖြစ်ပြီး တရားစွဲနှင့်အမှုလိုက် ဦးစီးဌာနမှ တာဝန်ရှိသူများက ဦးဆောင်ဆွေးနွေးမှာဖြစ်ကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနက ချမှတ်သည့်မူများ အပေါ်တွင် အကြောင်းပြချက်ကောင်းများဖြင့် ပြန်လည်ဆွေးနွေးနိုင်ကြောင်း၊  ဥပဒေအရာရှိများအနေဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများတွင် မှားယွင်းမှုများတွေ့ရှိရသည့်အတွက် ယခုဆွေးနွေးပွဲတွင် ဆွေးနွေးပြီး တစ်ပြေးညီ မူဝါဒများချမှတ်၍ လိုက်နာကျင့်သုံးရန်နှင့် မိမိလက်အောက် အဆင့်ဆင့်သို့ ပြန်လည်မျှဝေရန်ဖြစ်ကြောင်း၊ ဥပ‌ဒေရေးရာဝန်ကြီးဌာနအနေဖြင့် အမိန့်၊ညွှန်ကြားချက်များအား တစ်စုတစ်စည်းတည်း စုစည်း၍ စာအုပ်ထုတ်ဝေထားရှိပြီးဖြစ်ကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ် နည်းဥပဒေများအား ပြင်ဆင်ရန်ရှိသဖြင့် ယခုဆွေးနွေးပွဲ၌ ပြင်ဆင်သင့်သည့်အချက်များအား ဆွေးနွေးကြစေလိုကြောင်း၊ ရွေးကောက်ပွဲနီးပြီဖြစ်သဖြင့် တိုင်းဒေသကြီးဥပဒေအရာရှိ၊ ခရိုင်ဥပဒေ အရာရှိများ အနေဖြင့် သက်ဆိုင်ရာတာဝန်များကို အထူးအလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။

ဆွေးနွေးပွဲသို့ ဥပဒေအရာရှိ ၄၀ ဦး တက်ရောက်ကြပြီး ဆွေးနွေးပွဲကာလမှာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့မှ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့အထိ ကျင်းပ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)