ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဥပဒေအရာရှိအဆင့် ၃ မွမ်းမံသင်တန်းအမှတ်စဉ်(၂၈) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ဧပြီ ၇

             ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် ပြည်ထောင်စုရှေ့နေချုပ်ရုံး သင်တန်းခန်းမ၌ ယနေ့နံနက် ၁၀:၀၀ အချိန်တွင် ကျင်းပပြုလုပ်သည့် ဥပဒေအရာရှိအဆင့် ၃ မွမ်းမံသင်တန်းအမှတ်စဉ်(၂၈) သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်၍ သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပါသည်။

            ပြည်ထောင်စုရှေ့နေချုပ်က သင်တန်းဆင်းအမှာစကားပြောကြားရာတွင် ယခုသင်တန်းသည် ဥပဒေရုံးအဆင့်ဆင့်တွင် တာဝန်ထမ်းဆောင်နေကြသော ဦးစီးအရာရှိများနှင့် မြို့နယ်ဥပဒေအရာရှိများ၏ လုပ်ငန်းစွမ်းဆောင်ရည် တိုးတက်မြင့်မားရေးနှင့် တာဝန်ဝတ္တရားများကို အောင်မြင်စွာထမ်းဆောင်နိုင်ရေးတို့အတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ သင်တန်းတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ သင်တန်းဆရာများနှင့် ပြည်တွင်းပြင်ပပညာရှင်များကဆွေးနွေးပို့ချခဲ့၍ အတွေ့အကြုံဗဟုသုတများစွာရရှိကြမည်ဖြစ်ကြောင်း၊ လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် တရားလိုများ၏ ထိခိုက်နစ်နာဆုံးရှုံးမှုများကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးရသည့်နည်းတူ စွပ်စွဲခံရသူများ၏ အခွင့်အရေးများကိုလည်း ဥပဒေအရကာကွယ်ပေးရမည် ဖြစ်ကြောင်း၊ ကိုယ်ကျင့်တရားကောင်းမွန်ပြီး အဂတိတရားကင်းသော ဥပဒေအရာရှိများဖြစ်စေရန် ပြုမူနေထိုင်ရမည်ဖြစ်ကြောင်း၊ တရားစီရင်ရေးကဏ္ဍတွင် ပြည်သူများ၏ ယုံကြည်ကိုးစားမှု တိုးတက်မြင့်မားလာရေးအတွက် ပါဝင်ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ကြောင်းလမ်းညွှန်မှာကြားပြီး သင်တန်းတွင် ဆုရရှိသူများကို ဆုများအသီးသီးချီးမြှင့်ခဲ့ပါသည်။

           သင်တန်းကာလမှ ရက်ပေါင်း ၃၀ ကြာမြင့်ခဲ့ပြီး သင်တန်းသို့ ဦးစီးအရာရှိနှင့် မြို့နယ်ဥပဒေအရာရှိစုစုပေါင်း ၄၀ ဦးတက်ရောက်ခဲ့ပါသည်။