ပြည်ထောင်စုရှေ့နေချုပ်က နိုင်ငံတကာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) မှ ဒုတိယအတွင်းရေးမှူးချုပ် Mr. Gonzalo Flores အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ မတ် ၂၆

ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးသည် နိုင်ငံတကာ ဘဏ္ဍာရေးကော်ပိုရေးရှင်း (IFC) မှ ဒုတိယအတွင်းရေးမှူးချုပ် Mr. Gonzalo Floresဦးဆောင်သောအဖွဲ့အား ယနေ့ မွန်းလွဲ ၁၃:၃၀ အချိန်တွင် ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိ သံတမန်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စုရှေ့နေချုပ်က မိမိတို့ရုံးအနေဖြင့် နိုင်ငံတကာသဘောတူ စာချုပ်များသို့ ဝင်ရောက်ရန် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများမှ အကြံတောင်းခံသည့်အခါ လေ့လာစိစစ်အကြံပြုရပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အငြင်းပွားမှုဖြေရှင်းရေး အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ် (ISCID Convention) နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီးဌာနများက လေ့လာဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနည်းဥပဒေကို ဆက်လက်ထုတ်ပြန်နိုင်ရေးအတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံးက ဦးစားပေး စိစစ်ပြန်ကြားခဲ့ပါကြောင်း ဆွေးနွေးပြောကြားရာ Mr. Gonzalo Flores က အဆိုပါ  ISCID Convention သည် ရင်းနှီးမြှုပ်နှံသူများနှင့် သက်ဆိုင်ရာနိုင်ငံတို့အကြား အငြင်းပွားမှုများ ဖြစ်ပေါ်လာပါက ဖြေရှင်းရန်နည်းလမ်းများ သတ်မှတ်ပေးထားခြင်းဖြစ်ပါကြောင်း၊ ထိုကွန်ဗင်းရှင်းနှင့် သက်ဆိုင်သည့် အကျိုးကျေးဇူး၊ အကျိုးဆက်နှင့် လိုအပ်ချက်များကို သိရှိနိုင်ရန် ရည်ရွယ်၍ သင်တန်းများ ပို့ချပေးလျက်ရှိပါကြောင်း၊ လိုအပ်သည်များကို ဆက်လက်ပံ့ပိုး ကူညီမည်ဖြစ်ပါကြောင်း ဆွေးနွေးခဲ့ကြပါသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ညွှန်ကြားရေးမှူးချုပ် ဦးမင်းဆွေနှင့် ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါက်တာသီသီမြင့် တို့လည်း တက်ရောက်ခဲ့ကြပါသည်။

(သတင်းစဉ်)